ရခိုင်မြောက်ပိုင်းမှာ ရာအိမ်မှူးအသတ်ခံရ

  • 29 မေ 2017

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မှာ လူသတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ လက်နက်နဲ့ခြိမ်းခြောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့ အတွက် ဒေသခံတွေအနေနဲ့ အပြင်ထွက်ရမှာ စိုးရိမ်စိတ်တွေ တိုးပွားနေပါတယ်။

မေလ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်မှာ ဘူးသီးတောင်မြို့နယ်က ရာအိမ်မှူး တစ်ဦး နယ်ခြားစောင့်ရဲစခန်းကနေ ဆိုင်ကယ်နဲ့ အပြန်မှာ အသတ်ခံခဲ့ရတယ်လို့ တောင်ဘဇားနယ်ခြားစောင့်ရဲစခန်းက တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် State Counsellor Office
Image caption အတိုင်ပင်ခံရုံးက ထုတ်ပြန်တဲ့ လူသတ်မှုနေရာပြ မြေပုံ

အခုအသတ်ခံရတဲ့ သူဟာ အသက် ၃၀ အရွယ် မိကျောင်းခေါင်းဆွဲ ကျေးရွာက ရာအိမ်မှူး မာမောက်တာဟဲရ် ဖြစ်ပါတယ်။

သူဟာ တခြား ကျေးရွာက ရာအိမ်မှူးလုပ်ခဲ့ဖူးသူ တစ်ဦးနဲ့ အတူ တောင်ဘဇား ရဲစခန်းကနေ နယ်မြေ လုံခြုံရေး ကိစ္စ ဆွေးနွေးအပြီး မော်တော်ဆိုင်ကယ်နဲ့ အပြန်မှာ လူတစ်စုက တောစပ်တစ်နေရာကနေ စောင့်ဆိုင်းပြီး ဓားတွေ လှံတွေနဲ့ တိုက်ခိုက်တဲ့ အတွက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

မေလ ၁၉ ရက်နေ့ကလည်း အဲဒီ တောင်ဘဇားနယ်မြေရဲစခန်းအပိုင် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စု ပုဇွန်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး မူဇီဇူလာမှန်ကို မျက်နာဖုံး အနက်စွပ်ထားတဲ့ လူတွေက ဖမ်းဆီး ခေါ်ဆောင်ပြီး သတ်ဖြတ်ပစ်ခဲ့ပါတယ်။

အခုလို ဖြစ်ရတာက တရားဥပဒေ စိုးမိုးမှု အားနည်းတာကြောင့် ဖြစ်ရတာလို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။