ဆိုင်ကလုန်း မိုရာ ရခိုင် ကို ရိုက်ခတ်

  • 29 မေ 2017
ဓာတ်ပုံ မူပိုင် မိုးဇလ
Image caption ရခိုင်ကမ်းရိုးတန်း ဒေသတွေမှာ တော့ မုန်တိုင်းဒဏ် သက်ရောက်မှု ရှိနိုင်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရ

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုရာ ဟာ ပိုမိုအားကောင်းတဲ့ မုန်တိုင်းအဖြစ် ပြောင်းလာပြီး နောက် ရခိုင် ကမ်းရိုးတန်း ဒေသကို ဖြတ်ကျော် ဝင်ရောက်လျှက် ရှိနေပါတယ်။

မုန်တိုင်းအဝန်းဝိုင်းထဲ ကျရောက်နေတဲ့ ရခိုင်ကမ်းရိုးတန်း ဒေသတွေမှာ တော့ မုန်တိုင်းဒဏ် သက်ရောက်မှု ရှိနိုင်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရပါတယ်။

ဆိုင်ကလုန်း မုန်တိုင်းမိုရာ သက်ရောက်မှု ရှိနိုင်တဲ့ ရခိုင် ကမ်းရိုးတမ်းမြောက်ပိုင်းဒေသတွေမှာ ထိခိုက်ပျက်စီးမှုတွေ အနည်း နဲ့ အများ ရှိလာမှာ ဖြစ်တဲ့အတွက် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြိုတင်သတိပေးချက်တွေ ထုတ်ပြန် ထားပါတ်။

လောလောဆယ်မှာ မုန်တိုင်းမှာ တစ်နာရီလေတိုက်နှုန်း (၆၀)ကျော်နဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကို ဦးတည်တိုက်ခတ်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

မုန်တိုင်းဗဟိုချက်မ အနီးတဝိုက်မှာရှိတဲ့ စစ်တွေ မောင်တော ဘူးသီးတောင် စတဲ့ ဒေသတွေဟာ မုန်တိုင်းအဝန်းဝိုင်းထဲ ကျရောက်နေပြီး ပင်လယ်ကမ်းရိုးတန်းအနီးနေထိုင်ကြသူတွေကို ပြောင်းရွှေ့နေကြဖို့ ကမ်းနီးကမ်းဝေးငါးဖမ်းစက်လှေတွေ မထွက်ဖို့ အာဏာပိုင်တွေဘက်က လိုက်လံနှိုးဆော်နေပါတယ်။

လောလောဆယ်မှာတော့ မုန်တိုင်းနဲ့ ပတ်သက်လို အစောပိုင်းသတိပေးချက် အဆင့်ပဲ ထုတ်ပြန်ထားပြီး လူတွေ ပြောင်းရွှေ့နေထိုင်ဖို့ကိုတော့ မထုတ်ပြန်သေးဘူး။ မုန်တိုင်းသက်ရောက်နိုင်တဲ့ ဒေသတွေမှာတော့ သတိပေးချက်တွေထုတ်ပြန်ပြီး လိုအပ်တဲ့အကူညီတွေ ပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာ ရေးဝန်ကြီးဌာနအနေနဲ့လည်း ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောပါတယ်။

မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာ မုန်တိုင်းအဝန်းဝိုင်းထဲ ကျရောက်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကမ်းရိုးတန်းဒေသတွေမှာ တစ်နာရီလေတိုက်နှုန်း မိုင်(၅၀)ကျော်အထိ ရှိနိုင်ပြီး လှိုင်းကြီးနိုင်ပါတယ်။

ဒါ့အပြင် မုန်တိုင်းရဲ့ အရှိန်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ မွန်၊ ရှမ်း စတဲ့ ပြည်နယ်တွေမှာ မိုးကြီးတာ လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။