ဘင်္ဂလားဒေ့ရှ်ကို ဆိုင်ကလုန်းမိုရာ ဝင်ရောက်

  • 30 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ကော့ဆက်ဘဇားမှာ လေပြင်းစတိုက်စဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မုန်တိုင်း မိုရာ ဝင်ရောက်ခဲ့ပြီး မိုးအဆက်မပြတ်ရွာသွန်းကာ လေတိုက်နှုန်းက တစ်နာရီကို ၇၅ မိုင်နှုန်းလောက်ထိ ရှိခဲ့ပါတယ်။

မုန်တိုင်းဟာ စစ်တကောင်းနဲ့ ကော့ဆက်ဘဇား ဆိပ်ကမ်း ကြားကို အဓိက ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မြေနိမ့်ပိုင်းမှာ ဒီရေက ခြောက်ပေကျော်အထိ မြင့်တက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အရာရှိတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အများစုက လဲကျလာတဲ့ သစ်ပင်တွေ ပိပြီး သေဆုံးရတာ ဖြစ်ပါတယ်။

လူသိန်းဂဏန်းလောက်ဟာ အကာအကွယ်ရှိတဲ့နေရာတွေကို ရွှေ့ပြောင်းနေကြပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်တွေ အများစုရှိရာ ကော့ဆက်ဘဇား ဆိပ်ကမ်းဝန်းကျင်မှာလည်း ဆိုးဆိုးဝါးဝါးထိခိုက်ခဲ့ပြီး ဒုက္ခသည်တွေရဲ့ တဲအိမ်တွေ အတော်များများ ပျက်စီးသွားခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်ဘက်မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့က အိမ်တွေ၊ သစ်ပင်တွေနဲ့ ကြော်ငြာဆိုင်းဘုတ်တွေ ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အိန္ဒိယက ကရီလာပြည်နယ်မှာလည်း မိုရာရဲ့ အရှိန် ရိုက်ခတ်မှုရှိတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေက ဖော်ပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ