မိုရာဆိုင်ကလုန်း ရိုက်ခတ်လို့ ရခိုင်မှာ မြို့တချို့ ထိခိုက်ပျက်စီး

  • 30 မေ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption မိုရာဆိုင်ကလုန်း ရိုက်ခတ်လို့ ထိခိုက်ပျက်စီးခဲ့တဲ့ စစ်တွေမြို့ တစ်နေရာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဖြတ်သန်း တိုက်ခတ်ခဲ့တဲ့ မိုရာ ဆိုင်ကလုန်းမုန်တိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့အတော် များများကိုလည်း ရိုက်ခတ်ခဲ့ ပါတယ်။

မေလ ၂၉ ရက် ညနေ ၁၀ နာရီ ကတည်းက နောက်တစ်နေ့ မနက် ၁၀ နာရီထိ အချိန် အတန်ကြာ လေပြင်းမုန်တိုင်း တိုက်ခတ် ခဲ့တဲ့ အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေမှာ အပျက် အစီး တွေရှိခဲ့ ပါတယ်။

စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ ကျောက်တော်နဲ့ မြေပုံ စတဲ့ မြို့တွေမှာ နေအိမ်တွေ၊ စာသင်ကျောင်း တွေနဲ့ ဘုန်းကြီးကျောင်းစတဲ့ အဆောက်အဦးတွေ ထောင်နဲ့ချီ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပေမဲ့ လူတွေ ထိခိုက် သေကြေမှုနဲ့ပတ်သက်လို့တော့ အခုချိန်ထိ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

စစ်တွေ အပါအဝင် နေရာအတော်များများမှာ လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး လျှပ်စစ်မီး တွေလည်း ပြတ်တောက် ကုန်တယ်လို ၈၈ ရခိုင် မျိုးဆက်သစ် လူမှု အဖွဲ့က ဦးတင်လှက ပြောပါတယ်။

လောလောဆယ်မှာ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်၊ တပ်မတော်သားတွေနဲ့ ပြည်သူတွေက လမ်းတွေပိတ်ဆို့ နေတဲ့ သစ်ပင်တွေကို ဖယ်ရှား နေကြပြီး အဆောက် အဦပျက်တွေ ကိုတော့ မဖယ်ရှားနိုင် သေးဘူးလို့ ဆိုပါတယ်။

ဆက်သွယ်ရေးတွေ ပြတ်တောက် နေတဲ့ အတွက် နယ်မြို့တွေက အပျက်အစီး စာရင်းတွေကို အသေးစိတ် မရနိုင်သေးပါဘူး။

ပုဏ္ဍားကျွန်း မြို့နယ်မှာ အပျက်အစီးတွေ များပြားတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စစ်တွေမြို့ပြင်မှာ ရှိတဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေ မှာလည်း အပျက်အစီးတွေ များပြားပြီး သက်ဆိုင်ရာအာဏာပိုင်တွေက အပျက်အစီး စာရင်းတွေ လိုက်ကောက် နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အတွင်းမှာလည်း အရေးပေါ် ကက်ဘိနက် အစည်း အဝေးခေါ်ယူပြီး လေဘေး ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးနေကြပါတယ်။