မဘသမှာ ပါခဲ့သူတွေ တစ်သုံးငါး မျိုးချစ်ပါတီ ထောင်မယ်

  • 31 မေ 2017
ဓာတ်ပုံ မူပိုင် ShweInnThar Khin Mg Win
Image caption တစ်သုံးငါး မျိုးချစ်ပါတီဟာ မဘသနဲ့ မပတ်သက်ပေမယ့် မဘသမှာ ဦးဆောင်ပါဝင်ခဲ့သူ တချို့က ဒီပါတီမှာ ပါဝင်တည်ထောင်သူတွေ ဖြစ်

မဘသ အဖွဲ့မှာ ဦးဆောင်ပါဝင်ခဲ့သူတချို့က တစ်သုံးငါး မျိုးချစ်ပါတီ အမည်နဲ့ ဗုဒ္ဓဘာသာ အပေါ် အခြေခံတဲ့ နိုင်ငံရေးပါတီတရပ် တည်ထောင်တော့မယ်လို့ ဆိုပါတယ်။

တစ်က ဘုရား၊ သုံးက ရတနာသုံးပါး၊ ငါးက အနန္တော အနန္တ ကို ကိုယ်စားပြုတာ ဖြစ်ပြီး မျိုးချစ်စိတ် ရှိသူ အမျိုးသား အင်အားစုတွေ ပေါင်းစု ဖွဲ့စည်းထားတဲ့ ပါတီ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနု ရက္ခိတ အသင်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ် သာကီသွေးဂျာနယ်ရဲ့ အယ်ဒီတာချုပ်လည်း ဖြစ်ပြီး အခုပါတီကို ဦးဆောင်ဖွဲ့စည်းနေသူလည်း ဖြစ်တဲ့ မောင်သွေးချွန်က ဘီဘီစီကို ပြောပါတယ်။

ဒီပါတီဟာ မဘသနဲ့ မပါတ်သက်ကြောင်း၊ ဒါပေမယ့် ပါဝင်တည်ထောင်သူတွေ အားလုံးဟာ မဘသထဲမှာ ပါဝင်ခဲ့သူတွေ၊ မဘသကို ဦးဆောင်မှုပေးခဲ့သူတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင် ရပ်တည်ပြီး ဗုဒ္ဓဘာသာဝင်တွေ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ် တောင်းဆိုဖို့ ဒီပါတီကို ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

တခြားဘာသာဝင်တွေကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့တာ မဟုတ်ကြောင်း၊ အထူးသဖြင့် အစ္စလာမ်ဘာသာအပေါ် ဆန့်ကျင်ဖို့ ဖွဲ့တဲ့ အဖွဲ့လို့ တချို့က ထင်ကောင်းထင်မှာ ဖြစ်ပေမယ့် နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေနဲ့ ပြဿနာ အထူးမရှိပဲ ရခိုင်ပြည်နယ်မှာ ရှိတဲ့ သူတို့ကို သူတို့ ရိုဟင်ဂျာလို့ ဆိုနေတဲ့ ဘင်္ဂါလီ မွတ်ဆလင်တွေကိုတော့ တိုင်းပြည်ကို ကျူးကျော်ပြီး အချုပ်အခြာ အာဏာပိုင်မှုကို ထိပါးလာမှာကို သည်းခံမှု မဟုတ်ကြောင်း သူက ပြောပါတယ်။

အခုလို နိုင်ငံရေး ပါတီ ဖွဲ့ရတာဟာ အစိုးရအဖွဲ့ ဖွဲ့နိုင်ဖို့က နံပါတ်တစ် ရည်ရွယ်ချက် ဖြစ်တယ်လို့လည်း မောင်သွေးချွန်က ပြောပါတယ်။