အနာဂတ်အတွက် တခုတည်းသောတပ်မတော်

  • 31 မေ 2017
Image caption ပင်လုံညီလာခံမှာ ပြည်ထောင်စု သဘောတူချက်လက်မှတ်ထိုး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပင်လုံဒုတိယ အစည်းအဝေးမှာ အစုအဖွဲ့တွေ ဖြစ်ကြတဲ့အစိုးရ စစ်တပ် လွှတ်တော် တိုင်းရင်းသား လက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီ တွေကြားမှာ အနာဂတ်အတွက် တခုတည်းသော တပ်မတော်ထားဖို့ မူအားဖြင့် သဘောတူခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ တခုတည်း သောတပ်မတော်ဆိုတာကိုလက်ခံပြီးမှ အခြေခံမူတွေ ဆွေးနွေးစေချင်ပါတယ်။ တိုင်းရင်းသားတွေ ဘက်ကတော့ ဘယ်လိုတခုတည်းသော တပ်မတော်လည်းဆိုတဲ့ အခြေခံမူတွေကို အရင်ဆွေးနွေးဖို့ လိုမယ်လို့ တောင်းဆိုတဲ့အတွက် သဘောတူညီမှု မရတာဖြစ်ပါတယ်။

လွှတ်တော်ဘက်ကတော ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရလက်အောက်က တခုတည်းသော တပ်မတော်လို့ သုံးစွဲဖို့ အဆိုပြုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ကတော့ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုရဲ့ ဝိသေသနဲ့ပြည်စုံတဲ့ အနာဂတ် ပြည်ထောင်စု တပ်မတော်လို့ သုံးစွဲချင်ပါတယ်။

တပ်မတော်ဘက်ကတော့ ဝိသေသမပါပဲ တခုတည်းသောတပ်မတော်လို့ခေါ်ဖို့ လိုလားတဲ့အတွက်ညှိလို့မရဖြစ်နေတာပါ။

အခုရရှိတဲ့ ဆွေးနွေးချက်တွေကို လုပ်ငန်းကော်မတီ အစည်းအဝေးသို့မဟုတ် နောက်လုပ်မယ့် ပင်လုံညီလာခံကျမှ ဆွေးနွေးကြမှာဖြစ်ပါတယ်။

လုံခြုံရေး ကဏ္ဍဆွေးနွေးရာမှာ အခက်အခဲကတော့ ပြည်နယ်တိုင်းတွေမှာ အမျိုးသား အဆင့်အစည်းဝေးတွေ အတွင်းလုံခြုံရေး ကိစ္စ မပါတဲ့အတွက် လုပ်ငန်းအဖွဲ့ အစည်းအဝေးကျမှ ဘယ်လိုအခြေခံမူတွေကို ဆွေးနွေးမယ်ဆိုတဲ့ စဆွေးနွေးရတဲ့ အခက်အခဲရှိတယ်လို့ ပင်လုံညီလာခံကို တက်ရောက်ခဲ့တဲ့ တကောင်း သုတေသနအဖွဲ့မှ ကိုရဲမျိုးဟိန်းကပြောပါတယ်။

အခုလိုတကယ်ညှိရတဲ့ အချိန်မျိုးမှာ တဘက်နဲ့တဘက် အပေးအယူ အလျှော့အတင်း လုပ်နိုင်အောင်ကြားက ညှိနှိုင်းရေးမှူးကောင်းတွေ လိုအပ်တယ်လို့ ကိုရဲမျိုးဟိန်းက ပြောသွားပါတယ်။