အချက်အလက်ရှာဖွေရေး အဖွဲ့ ဘာတွေ စလုပ်မလဲ

  • 31 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီးခဲ့တဲ့နှစ်က နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် မီးရှို့ခံခဲ့ရတဲ့ မောင်တောမြို့နယ်ကကျေးရွာတစ်ရွာ

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ စုံစမ်းမယ့် အချက်အလက် ရှာဖွေရေး အဖွဲ့ဝင်တွေ လာမယ့် သီတင်းပတ်ကျရင် ဂျီနီဗာမှာ စတင် တွေ့ဆုံကြဖို့ ရှိပါတယ်။

အဲဒီနောက် သူတို့ ဘယ်လို ဘယ်ပုံ လုပ်ငန်းဆောင်ရွက်မယ် ဆိုတာကို လူ့အခွင့်အရေး မဟာမင်းကြီး၊ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံ ရှင်းပြ လိမ့်မယ်လို့ ကုလ သမဂ္ဂ လူ့အခွင့် အရေးကောင်စီရဲ့ ပြန်ကြားရေး အရာရှိ Rolando Gomez က ဘီဘီစီကိုပြောပါတယ်။

သုံးဦးပါ အချက်အလက် ရှာဖွေရေး အဖွဲ့က ရခိုင်ပြည်နယ် အတွင်း တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့တွေ ကျူးလွန် ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် ကျန်တဲ့ နေရာဒေသတွေမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို လေ့လာဖော်ထုတ်ဖို့ တာဝန် ပေးခံရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မြန်မာ အစိုးရ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ သက်သေတွေ၊ ကျူးလွန်ခံရတယ် ဆိုသူတွေနဲ့ လူမှူရေး အသင်းအဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ Rolando Gomez က ပြောပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ နိုင်ငံတကာက အချက်အလက်ရှာဖွေရေး လုပ်ငန်းအဖွဲ့တွေရဲ့ စံနှုန်းတွေ အတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ကို မြန်မာ အစိုးရက အသိအမှတ်မပြု၊ လက်မခံတဲ့ အတွက် အစိုးရပိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အပိုင်းမှာ အခက်အခဲရှိနိုင် မလား ဆိုတာနဲ့ ပတ်သက်လို့တော့ အလားတူ အဖွဲ့မျိုး ကချင်ပြည်နယ် အတွက် ဖွဲ့ခဲ့ဖူးတာကြောင့် အခု အဖွဲ့ဟာလည်း မြန်မာ နိုင်ငံထဲ ဝင်ခွင့်ရမယ်လို့ မျှော်လင့်ကြောင်း Rolando Gomez က ပြောပါတယ်။

ခွင့်မပြုရင်တော့ ပြည်ပက ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာတာမျိုး၊ အဝေးကနေ လှမ်းပြီး မေးမြန်းတာမျိုးလုပ်လုပ်နိုင်ပါတယ်လို့ သူက ပြောပါတယ်။

အရင်ဆုံးတော့ မြန်မာ နိုင်ငံထဲ ဝင်ခွင့်ရအောင် ဦးစားပေးကြိုးစားမယ်လို့ ဆိုပါတယ်။