မုန်တိုင်းကယ်ဆယ်ရေးအတွက် စစ်တွေမြို့ကို ဝန်ကြီးသွားရောက်

  • 31 မေ 2017
Image caption စစ်တွေမြို့မှာ မိုရာ မုန်တိုင်းဒဏ် အခံရဆုံးဖြစ်

မိုရာ မုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး စစ်တွေမြို့ကို မနေ့က သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇မြို့နယ်ထဲမှာ အမ်းနဲ့ ဂွမြို့နယ်ကလွဲပြီး ကျန်တဲ့ မြို့နယ် ၁၅ခု စလုံးမှာ ထိခိုက်ခဲ့ကြောင်းနဲ့ မုန်တိုင်း စက်ဝန်းထဲ ကျခဲ့တဲ့ စစ်တွေမြို့မှာ ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပေမယ့် လူအသေအပျောက်တော့ မရှိဘူးလို့ ဆိုပါတယ်။

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ စစ်တွေမြို့ပေါ်က အပျက်အစီးများတဲ့ ရပ်ကွက်တွေကို သွားရောက်ကြည့်ရှုခဲ့သလို မွတ်ဆလင် ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

အထိအခိုက် အပျက်အစီး များတဲ့ ရပ်ကွက်တွေမှာ ပြန်လည် ပြုပြင်ရေးတွေ လုပ်ဖို့အတွက် လောလောဆယ် ငွေ ကျပ် ၃၄၆သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။