ရခိုင်ဒေသကို အချက်အလက် ရှာဖွေရေးအဖွဲ့ လာနိုင်ဖို့ ကြိုးစားနေ

  • 1 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို အချက်အလက် ရှာဖွေရေး သုံးဦးပါ အဖွဲ့ လာရောက် လေ့လာ ဖေါ်ထုတ်နိုင်ဖို့ ကြိုးစားနေ

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ စုံစမ်းမယ့် အချက်အလက် ရှာဖွေရေး အဖွဲ့ဝင်တွေ လာမယ့် သီတင်းပတ်ကျရင် ဂျီနီဗာမှာ စတင် တွေ့ဆုံကြဖို့ ရှိပါတယ်။

သုံးဦးပါ အဲဒီ အချက်အလက် ရှာဖွေရေး အဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်း တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့တွေ ကျူးလွန် ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် ကျန်တဲ့ နေရာ ဒေသတွေမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို လေ့လာဖော်ထုတ်ဖို့ တာဝန် ပေးခံရတာ ဖြစ်ပါတယ်။

လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေ ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ ကနဦး စုံစမ်းမှုတွေ ရှိခဲ့ပြီး အဲဒီစုံစမ်းမှုအပေါ် ပဏာမသုံးသပ်ချက်အရ လူအခွင့်အရေး ချိုးဖေါက်မှုတွေ ရှိမရှိ လူသားတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု Crime against humanity မြောက်မမြောက် အပြည့်အဝ စုံစမ်းဖို့ လိုတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဒီ သုံးဦးပါ ကော်မတီကို ဦးဆောင်မယ့် အိန္ဒိယ လူ့အခွင့်အရေး ရှေ့နေ Indira Jaising က ဘီဘီစီ News Hour နဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုစုံစမ်းမှုကို ကြိုဆိုသင့်တယ်လို့ ယူဆကြောင်းနဲ့ ဒီအဖွဲ့ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ စိတ်၀င်စားမှုအရ လူနည်းစုတွေ ဖိနှိပ်ခြင်း မခံရအောင်ဆိုပြီး ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ ဖြစ်ကြောင်း သူက ပြောပါတယ်။