လယ်သမားတွေဆီက ကြိုတင် ဝင်ငွေခွန် ဆိုင်းငံ့ဖို့ တင်ပြထား

  • 1 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption တောင်သူလယ်သမားတွေကို အချိန်ကာလ သတ်မှတ်ပြီး အခွန်ကင်းလွတ်ခွင့် ပေးသင့်တယ်လို့ ဆိုနေကြ

တောင်သူလယ်သမားတွေဆီက ကြိုတင်ဝင်ငွေခွန် ကောက်ခံမယ့် အစီအစဉ်ကို ဆိုင်းငံ့ ပေးဖို့ မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ်က အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေကို တင်ပြထားပါတယ်။

အရင်က အခုလိုအခွန်မျိုးကို တောင်သူတွေဆီက ကောက်ခံလေ့ မရှိပေမဲ့ NLD အစိုးရ လက်ထက်မှာ လယ်သမားတွေဆီက ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အခု ဘဏ္ဍာနှစ် အစမှာ ညွန်ကြား ခဲ့တာ ဖြစ်ပါတယ်။

ကြိုတင် ဝင်ငွေခွန် ဆိုတာက ကိုယ်ပိုင်လုပ်ငန်း ရှိတဲ့လူတွေ၊ ကိုယ်ပိုင် ဝင်ငွေရတဲ့ သူတွေဆီကနေ ကြိုတင်ကောက်ခံတဲ့ အခွန်ဖြစ်ပါတယ်။

အခုလို တောင်သူတွေဆီက အခွန်ကောက်ခံမယ့် အစီအစဉ်ကို ဆိုင်းငံ့ ထားပြီး လုပ်ငန်းရှင် တွေဆီက ကောက်ခံဖို့ အကြံပြု ထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

ဒါပေမဲ့ ကုမ္ပဏီတွေ ဆီကနေ ကြိုတင်ခွန် ၀.၅ ရာခိုင်နှုန်းပဲ ကောက်ခံ ဖို့နဲ့ တကယ်ဝင်တဲ့ ဝင်ငွေထက် ပိုကောက်မိရင်လည်း ချက်ချင်း ပြန်ပေးဖို့ သူက ပြောပါတယ်။

ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံသူတွေကိုတောင် ၇ နှစ်၊ ၅ နှစ်၊ ၃ နှစ် စသဖြင့် အခွန်ကင်းလွတ်ခွင့်တွေ ပေးနေတဲ့ အတွက် လယ်သမားတွေကို လည်း အချိန်ကလ တစ်ခု အထိ အခွန်ကင်းလွတ်ခွင့် ပေးသင့်တယ် လို့လည်း ဦးရဲမင်းအောင်က ပြောပါတယ်။

ဒါအပြင် မြန်မာနိုင်ငံက တောင်သူတွေဟာ အခွန်နဲ့ပတ်သက်လို့ သိရှိမှု နည်းတဲ့အတွက် အခုလို အခွန် ကောက်မယ့် ကိစ္စတွေကို ပညာပေး ရှင်းလင်းတာတွေ လုပ်ဆောင်ပြီးမှ ကောက်ခံတာမျိုး လုပ်သင့်တယ် လို့လည်း သူက ပြောပါတယ်။

ဒေးဒရဲမြို့နယ် တောင်သူ ဦးကျော်ထက် ကတော့ တောင်သူအများစုဟာ ငွေကြေး ဆင်းရဲ နေကြလို့ တွေ အဆင်မပြေသေးတဲ့ အချိန်မှာ အခွန် မကောက်သင့်ဘူးလို့ ပြောပါတယ်။

ဆန်စပါးအသင်းချုပ်ရဲ့ တင်ပြထားချက်ကို ဘယ်လို အရေးယူဆောင်ရွက် မလဲဆိုတာ တော့ မသိရသေးပါဘူး။