ဆန္ဒပြတဲ့ ဗကသ ကျောင်းသား ကျောင်းထုတ်ခံရ

  • 1 ဇွန် 2017
ဓာတ်ပုံ မူပိုင် Zaw Ye Htut
Image caption ဆန္ဒပြခွင့် မတင်တဲ့ အတွက် ပုဒ်မ ၁၉ နဲ့ ထောင် ၃ လ ချခံရတာ ဖြစ်ပါတယ်

စစ်ကိုင်းတိုင်း ပညာရေး ကောလိပ် ကျောင်း အုပ်ချုပ်မှု စနစ်ကို မကျေနပ်လို့ ဆန္ဒပြရာ ကနေ ထောင်ချ ခံရပြီး လွတ်ငြိမ်း ချမ်းသာ ခွင့်နဲ့ မကြာသေးခင် က ပြန်လွတ် လာတဲ့ ကိုဇော်ရဲထွဋ်ကို ကျောင်း ကနေ အပြီးတိုင် ထုတ်ပယ် လိုက်ပါတယ်။

ပညာရေး ကောလိပ် ကျောင်းအုပ် ဆရာမကြီးက လက်မှတ်ထိုး ထုတ်ပြန်တဲ့ အဲဒီ ကျောင်းထုတ် စာမှာ သင်တန်း ဝင်ခွင့် လမ်းညွှန် အပိုဒ် ၃၀ ပါ နိုင်ငံရေး ဆူပူမှု ဆိုင်ရာ ပြစ်မှုကို ကျူးလွန်လို့ ထုတ်ပယ် လိုက်ကြောင်း ဖေါ်ပြထားပါတယ်။

ကိုဇော်ရဲထွဋ်ဟာ အဲဒီ ကောလိပ်ရဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ဥက္ကဌ ဖြစ်ပြီး၊ သူ့အနေနဲ့ ကတော့ ဒီကောလိပ် သင်တန်း ကျောင်းမှာ စစ်တပ် ပုံစံ ဖိနှိပ် အုပ်ချုပ် နေတဲ့ အတွက် ကန့်ကွက် ဆန္ဒပြခဲ့ တာလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သူဟာ ဆန္ဒပြခွင့် မတင်တဲ့ အတွက် ပုဒ်မ ၁၉ နဲ့ ထောင် ၃ လ ချခံရတာ ဖြစ်ပါတယ်။

မကြာသေးခင်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၂၄ ရက်နေ့မှာ ပြန်လွတ် လာခဲ့ ပေမယ့် ကျောင်းကနေ ထုတ်ပယ် ထားပြီ ဖြစ်တဲ့ အတွက် ကျောင်းတက်ခွင့် မရှိတော့ပါ။

အခုလို ကျောင်းထုတ် ခံရတာ နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ကျောင်းပြန် တက်ခွင့် ရရေး အတွက် လိုအပ်သလို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အခုလို ကျောင်းထုတ် ခံရတဲ့ ကိစ္စဟာ လက်ရှိ ပညာရေး ဥပဒေသစ် အရ ဆန့်ကျင် ဖက် ဖြစ်နေတယ်လို့ ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် NNER အတွင်းရေးမှူး အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။

အခု အမျိုးသား ပညာရေး ဥပဒေ အသစ်မှာ အကြောင်း အမျိုးမျိုးကြောင့် ပညာ သင်ကြားရေး ရပ်စဲ ခံရတဲ့ ကျောင်းသား တွေ ကျောင်းပြန် တက်ခွင့်ရရေး အာမခံချက် တခု ပါတယ်လို့ သူက ပြောပါတယ်။