စျေးပေါတဲ့ စိတ်ကြွဆေးတွေ ရွှေတြိဂံကနေ ပိုမို ထုတ်လုပ်နေ

  • 1 ဇွန် 2017
Image caption မူးယစ်ဆေး ဒုတိယ အများဆုံး ထုတ်လုပ်ရာ ဒေသ

အရှေ့တောင်အာရှ မှာ ရှိတဲ့ မူးယစ်ရာဇာတွေဟာ သူတို့ ထုတ်လုပ်တဲ့ မူးယစ်ဆေးတွေကို ပုံစံ အမျိုးမျိုးနဲ့ ပိုပြီး စုံလင်အောင် ထုတ်နေကြတယ် ဆိုပြီး ကုလသမဂ္ဂရဲ့ ရာဇဝတ်မှုဆိုင်ရာ အေဂျင်စီ UNODC က သတိပေးပါတယ်။

ပြီးခဲ့တဲ့ ၈ နှစ် အတွင်း မူးယစ်ဆေး အမျိုးအစားသစ် ပေါင်း ၁၆ဝ ကျော် စျေးကွက်ထဲ ရောက်လာ ခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂက သတိပေးနေတဲ့ အရှေ့တောင်အာရှ ဆိုတာ မြန်မာ နိုင်ငံ ပါဝင်နေတဲ့ ရွှေတြိဂံ ဒေသကို ရည်ညွှန်းတာ ဖြစ်ပြီး အဲဒီ ဒေသဟာ လက်တင် အမေရိက ပြီးရင် ကမ္ဘာပေါ်မှာ မူးယစ်ဆေး ဒုတိယ အများဆုံး ထုတ်လုပ်ရာ ဒေသ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်းနဲ့လည်း နီးကပ်နေတဲ့ မြန်မာ၊ထိုင်း၊ လာအို ၃ နိုင်ငံ နယ်စပ် ထိစပ်နေတဲ့ ရွှေတြိဂံ နယ်မြေဟာ ဘိန်းဖြူနဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေ အမြောက်အများ ထုတ်လုပ်ရာ ဒေသ အဖြစ် နာမည်ဆိုးနဲ့ ကျော်ဇောပါတယ်။

အခုအခါမှာတော့ အဲဒီ အရပ်က မူးယစ်ရာဇာတွေဟာ စျေးပေါတဲ့ ဓာတုမူးယစ်ဆေး အသစ်တွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

၂ဝဝ၈ ခုနှစ် နောက်ပိုင်း NPS ဆိုပြီး ရည်ညွှန်း ခေါ်ဆိုတဲ့ စိတ်ကို ပြောင်းလဲ လှုံ့ဆော် စေနိုင်တဲ့ ဓာတု ဆေးဝါး အသစ် အမျိုးအစားပေါင်း ၁၆၈ မျိုး ကို အရှေ့တောင်အာရှ တလွှား နိုင်ငံတွေနဲ့ တရုတ်ပြည်တို့မှာ တွေ့ရှိ ထားရတယ်လို့ UNODC ရဲ့အစီရင်ခံစာထဲ ဖော်ပြ ထားပါတယ်။