မိုရာမုန်တိုင်းကြောင့် ရသေ့တောင်မှာ အိမ်ခြေ ၄၀ဝ၀ကျော် ပျက်စီး

  • 2 ဇွန် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရခိုင်ပြည်နယ်တဝန်း ပျက်စီးမှုများခဲ့

မေလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုရာ မုန်တိုင်းဒဏ်ကြောင့် ရသေ့တောင်မြို့နယ်မှာ အိမ်ခြေ ၄၀ဝ၀ကျော်၊ စာသင်ကျောင်း ၁၃၂ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၅၆ ကျောင်း ထိခိုက် ပျက်စီးခဲ့တယ် လို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ဘီဘီစီကို ပြောပါတယ်။

အခုလို အပျက်အစီးတွေရှိခဲ့ပေမယ့် လူအသေအပျောက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

အခုလို ပျက်စီးသွားတဲ့ အထဲက အနည်းအကျဉ်း ပျက်စီးသွားတဲ့ ကျောင်းတွေအတွက် ပြင်ဆင်စရိတ်ကို ဦးစားပေးအနေနဲ့ ထုတ်ပေးမှာ ဖြစ်ပြီး လုံးဝ ပျက်စီးသွားတဲ့ ကျောင်းတွေအတွက်လည်း ခန့်မှန်းတွက်ချက်ပြီး စရိတ်ထုတ်ပေးမှာ ဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။

အခုလို ပျက်စီးဆုံရှုံးမှု ရှိခဲ့တဲ့ နေရာတွေကို သွားရောက်ခဲ့တဲ့ ရသေ့တောင်မြို့နယ် အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ကတော့ ဆုံးရှုံးမှုတွေ များတဲ့အတွက် ပြည်နယ်အဆင့်နဲ့ မလုံလောက်ပဲ ပြည်ထောင်စုအဆင့်က အကူအညီတွေ လိုအပ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာတော့ အပျက်အစီးတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေက ရှင်းလင်းဖယ်ရှားပေးနေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ