ဒေါ်အောင်ဆန်းစုကြည် ကနေဒါကို ၅ ရက်ကြာ သွားရောက်မယ်

  • 2 ဇွန် 2017
Image caption ကနေဒါက ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသား အဖြစ် ပေးခဲ့

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ရက်ပိုင်းအတွင်း ကနေဒါ နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဇွန်လ ၅ ရက် နေ့ကနေ ဇွန်လ ၉ ရက် အထိ ကနေဒါကို ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာ ဖြစ်တယ်လို့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ဒရူးဒိုးက ထုတ်ပြန်ပါတယ်။

ဇွန်လ ၇ ရက်၊ ဒေါ်အောင်ဆန်းစုကြည်တဲ့ တွေ့ဆုံတဲ့ အခါ ပြောဆို ဆွေးနွေးကြတဲ့ အကြောင်းအရာ တွေထဲ ဖက်ဒရယ် စနစ်နဲ့ ဒီမိုကရေစီ ထွန်းကားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ အကြောင်း ပါဝင်တယ်လို့ မစ္စတာ ထရူးဒိုးက ဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်း ငြိမ်းချမ်းရေး နဲ့ လုံခြုံရေး ကိစ္စချင်းရာတွေ အပြင် လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ ထွန်းကားရေး အကြောင်းအရာတွေလည်း ပြောဆို ကြမှာ ဖြစ်တယ်လို့ မစ္စတာ ထရူးဒိုးရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ကနေဒါ အနေနဲ့ မြန်မာ့ နိုင်ငံရေး တိုးတက်လာဖို့ ဆက်လက် အားပေးမှာ ဖြစ်သလို၊ အထူးသဖြင့် လူမျိုးနဲ့ ကိုးကွယ်ရာ ဘာသာ အပေါ် မူတည်ပြီး လူနည်းစု ဖြစ်နေသူတွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ရရှိလာအောင် အကူအညီတွေ ပေးမယ်လို့ ဝန်ကြီးချုပ် ထရူးဒိုးက ပြောပါတယ်။

ဗြိတိန် ဘုရင်မကြီး အယ်လိဇဘက်သ်ကို ကိုယ်စားပြုပြီး ရှိနေတဲ့ ကနေဒါ ဘုရင်ခံချုပ် ဒေးဗစ် ဂျွန်စတန်နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ သွားမှာ ဖြစ်တယ်လို့ ကနေဒါ အစိုးရက အတည်ပြုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ပြီးခဲ့တဲ့ ၁ဝ နှစ် နေအိမ် အကျယ်ချုပ် ကျနေစဉ်မှာ ကနေဒါက ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသား အဖြစ် ပေးခဲ့ပါတယ်။

နယ်လ်ဆင်မင်ဒဲလား၊ ဒလိုင်းလားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဒီလို ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသား ရရှိသူ စုစုပေါင်း ၆ ဦးပဲ ရှိပါတယ်။