အဖမ်းခံထားရတဲ့ the Voice သတင်းစာ တာဝန်ရှိသူတွေ ရုံးပိတ်ရက်မှာ ရုံးထုတ်ခံရ

  • 3 ဇွန် 2017
ဓာတ်ပုံ မူပိုင် The Voice Daily Online
Image caption အခုလို စွပ်စွဲခံရတဲ့ ဆောင်းပါးထဲမှာ တပ်မတော်ဆိုတဲ့ အသုံးအနှုန်းမပါသလို တိုင်းရင်းသားအဖွဲ့တခုခုကို အမည်တပ်ပြီး ဖော်ပြတာလည်း မရှိခဲ့ဘူးလို့ ရှေ့နေဦးခင်မောင်မြင့်က ပြော

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးထားတဲ့ the Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် ခေါ် ဦးကျော်စွာနိုင်တို့ကို ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးပိတ်ရက်ဖြစ်တဲ့ ဇွန်လ ၃ ရက်နေ့မှာ သီးသန့် ရုံးထုတ်ပြီး ချုပ်ရမန် ယူခဲ့ပါတယ်။

ဗဟန်းမြို့နယ် တရားရုံးဟာ ဦးကျော်မင်းဆွေနဲ့ ဦးကျော်စွာနိုင်တို့ ၂ ဦးကို ဥပဒေကြောင်း အရ ၂၄ နာရီထက်ပိုပြီး ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခွင့် မရှိတာကြောင့် အခုလို ရုံးပိတ်ရက်မှာ ချုပ်ရမန် ယူခဲ့ပြီး ဗဟန်းရဲစခန်းအချုပ်မှာ ဆက်လက် ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ဆက်သွယ်ရေး ပုဒ်မလို သာမန် အမှုမျိုးအတွက် အခုလို ပိတ်ရက်မှာ ရုံးထုတ်တာမျိုးဟာ တရားဥပဒေနဲ့ မညီတဲ့အတွက် လာမယ့် ဇွန်လ ၅ ရက်နေ့မှာ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးကို တင်ပြသွားမယ်လို့ တရားခံရှေ့နေ ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

The Voice သတင်းစာ ဟာ ဦးကျော်စွာနိုင်က ဗြိတိသျှကိုကိုမောင် ကလောင်နာမည်နဲ့ ရေးသားထားတဲ့ တပ်မတော်ဂုဏ်ပြုဇာတ်ကား ပြည်ထောင်စုသစ္စာကို ကျည်ထောင်စုသစ္စာဆိုပြီး သရော်တဲ့ ဆောင်းပါး ဖော်ပြခဲ့တဲ့အပေါ် တောင်းပန်စာ ပြန်ထုတ်ဖို့ တပ်မတော်ဖက်ကနေ သတင်းစာကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီကနေ တဆင့် ညှိနှိုင်းမှုတွေ လုပ်နေစဉ်မှာ အခုလို အမှုဖွင့် အရေးယူခံရတာ ဖြစ်တယ်လို့ the Voice သတင်းစာ အယ်ဒီတာ ဦးအောင်စိုးက ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး the Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကပဲ တာဝန်ခံ ဖြေရှင်းသွားမှာဖြစ်ပြီး အခုလို စွပ်စွဲခံရတဲ့ ဆောင်းပါးထဲမှာ တပ်မတော်ဆိုတဲ့ အသုံးအနှုန်းမပါသလို တိုင်းရင်းသားအဖွဲ့တခုခုကို အမည်တပ်ပြီး ဖော်ပြတာလည်း မရှိခဲ့ဘူးလို့ ရှေ့နေဦးခင်မောင်မြင့်က ပြောပါတယ်။

လာမယ့် ဇွန်လ ၈ ရက်နေ့ ရုံးချိန်းမှာတော့ အခုလို အဖမ်းခံထားရသူ ၂ ဦးစလုံးအတွက် အာမခံ လျှောက်ထားသွားမယ်လို့လည်း သူက ပြောပါတယ်။

အခုလို တပ်မတော်ဘက်က ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ကို အသုံးပြုပြီး စာနယ်ဇင်းသမားတွေကို အမှုဖွင့်ခဲ့တဲ့အပေါ် စာနယ်သမားလောကက ဝေဖန်နေကြပြီး ကန့်ကွက်လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ