ပဲရစ်စာချုပ်က အမေရိကန်ထွက်မှု မြန်မာကို ထိခိုက်

  • 3 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကို ရာသီဥတု ပြောင်းလဲမှု က အထူးထိခိုက်နိုင်

ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေတာကို လျော့ချတားဆီးနိုင်ရေး နိုင်ငံတကာ က ကြိုးပမ်းကြမယ် ဆိုတဲ့ ပဲရစ် သဘောတူစာချုပ်ကနေ အမေရိကန် က ထွက်သွားတဲ့ အရေး က မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံမျိုးတွေအတွက် ထိခိုက်သက်ရောက်မှုတွေ ရှိတဲ့အကြောင်း အမြဲစိမ်းလန်းခြင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ရဲ့ ဥက္ကဌ ဒေါက်တာ စိန်စိန်သိန်း က ဘီဘီစီ ကို ပြောပါတယ်။

ကမ္ဘာ့ရဲ့ လူဦးရေ သန်း ၁၆၀၀ ဟာ သူတို့ရဲ့ အစာအဟာရ နဲ့ ဝင်ငွေ အတွက် သစ်တောတွေကို ပဲ မှီခိုနေရာတာဖြစ်ပြီး ရာသီဥတုပြောင်းလဲလာမှု ကြောင့် သူတို့အပေါ် အကြီးအကျယ် ထိခိုက်တာတွေ ရှိနေသလို သဘာဝ ဘေးအန္တရာယ်တွေလည်း အများကြီး ပိုတိုးလာနိုင်တယ် လို့ သူ က ပြောပါတယ်။

အမေရိကန် ရဲ့ လျှစ်လျူရှုမှုကြောင့် ရာသီဥတု ပြောင်းလဲရေး တားဆီးလျော့ချရေး ပိုင်းမှာ အားနည်းသွားမှာ တွေ ဖြစ်နိုင် သလို မြန်မာနိုင်ငံ ဘက်ဆီကို စီးဆင်းလာနိုင်တဲ့ ဝင်ငွေပိုင်း ကိုလည်း လျော့နည်း လာနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလိုဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု သိပ်မရှိသေးတဲ့နိုင်ငံတွေ အနေနဲ့ မိမိတို့ အား ထုတ်လွှတ်ခွင့် ခွင့်ပြုထားတဲ့ ပမာဏ အတိုင်းအတာထိ ထုတ်လွှင့်မှု က မရှိရင် အဲဒီ ပိုနေတဲ့ အတိုင်းအတာ ကို တခြား ထုတ်လွှတ်မှု ပိုနေတဲ့ နိုင်ငံတွေက ငွေပေးပြီး ဝယ်ယူနိုင်ဖို့ စီစဉ်ထားကြတဲ့ Carbon Credit ရောင်းချနိုင်မှု အခွင့်အလမ်းတွေ ရှိခဲ့ပါတယ်။

အခုလို ငွေကြေးချမ်းသာပြီးဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှု များတဲ့ အမေရိကန် က ပဲရစ် သဘောတူစာချုပ်ကနေ ထွက်သွားတဲ့အတွက် မြန်မာနိုင်ငံရဲ့အဲဒီ ဝင်ငွေ ရလမ်း နဲ့ အဲဒီ ဝင်ငွေ ကို သုံးပြီး နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ အခွင့်အလမ်း ကို ထိခိုက်နိုင်တယ် လို့ လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ပညာရှင် ဒေါက်တာ စိန်စိန်သိန်း က ပြောပါတယ်။