သိန်းထောင်ချီ အကုန်ခံ ဆောက်တဲ့ တမံ တစ်လမပြည့်ခင် ပျက်စီး

  • 3 ဇွန် 2017
Image caption အစိုးရ ဝန်ကြီး ဌာနက တာဝန်ယူ တည်ဆောက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ထဲ သိန်း လေးထောင့်ငါးရာကျော် အကုန်ခံ တည်ဆောက်ထားတဲ့ ရေတာတမံ တစ်ခု တစ်လ မပြည့်ခင် ပျက်စီးခဲ့လို့ တာဝန်ယူ ဆောက်ခဲ့တဲ့ သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနက စုံစမ်းစစ်ဆေး နေပါတယ်။

တာတမံ အစိတ်အပိုင်း ပျက်စီးခဲ့တာဟာ နည်းပညာ လိုအပ်ချက်ကြောင့် ဖြစ်တယ်လို့ မွန်ပြည်နယ် အစိုးရ ဝန်ကြီး တစ်ဦးဖြစ်တဲ့ ဦးထွန်းဌေးက ဘီဘီစီကို ပြောပါတယ်။

အဲဒီတာတမံကို ပြင်ပ လုပ်ငန်းရှင်တွေ လက်ထဲ အပ်ပြီး ဆောက်စေခဲ့တာ မဟုတ်ပဲ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနက တာဝန်ယူ တည်ဆောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တာတမံအတွက် အသုံးပြုမယ့် ပစ္စည်းတွေကတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါစနစ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ပျက်စီးသွားတဲ့ အစိတ်အပိုင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ယူ ပြန်လည် တည်ဆောက်ပေးဖို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်။