မိတ္ထီလာ အစ္စလာမ်တွေ စုဝတ်ပြုရာ နေရာတွေပိတ်

  • 4 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘာ အရပ်ရပ်က မွတ်ဆလင်တွေ ဥပုသ်လ ဝတ်ပြုဆုတောင်းနေ

မိတ္ထီလာမြို့မှာရှိတဲ့ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်တဲ့ သီရိမင်္ဂလာရပ်ကွက်မှာ ဘာသာရေးအဆောက်အဦ မဟုတ်ဘဲ နေရာသုံးခုမှာ အစ္စလာမ်ဘာသာဝင် လေးထောင်လောက် စုဝေးဝတ်ပြုလို့ဆိုပြီး ဇွန်လ ၃ ရက်နေ့ညက မြို့နယ်အုပ်ချုပ်ရေးမှူး က ပိတ်ခိုင်းလိုက်ပါတယ်။

အရင်က ဒီမှာ ရှိတဲ့ ဗလီ နှစ်လုံးကို အဓိကရုဏ်းတွေ နောက်ပြီး ပိတ်ထားတာကို ခုထိ ပြန်ဖွင့်မပေးသေးဘူးလို့ မိတ္ထီလာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က မော်လဝီ ဦးဆန်းဝင်းရှိန်က ပြောပါတယ်။

ဒါကြောင့် ဥပုသ်ကာလ အတွင်း သက်ကြီးရွယ်အိုတွေ ဝတ်ပြုဖို့ အခက်အခဲ ရှိလို့ တခြား ရပ်ကွက်တွေ သွားဝတ်မပြုဘဲ ကိုယ့်ရပ်ကွက်ထဲမှာ ဝတ်ပြုတာကို ဒီလို တားမြစ်ခံရတာလို့လည်း ဆိုပါတယ်။

ဗလီတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုတာကိုတော့ တိုင်းအစိုးရ လုပ်ပိုင်ခွင့်မှာ မရှိလို့ ဆိုပြီး ငြင်းဆိုလာခဲ့တယ်လို့လည်း သိရပါတယ်။ ရပ်ကွက်ထဲ ဝတ်ပြုခွင့် မရှိလို့ ဝတ်မပြုရသူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

တိုင်းအစိုးရ ထုတ်ပြန်တဲ့ စာမှာ ဘာသာကြီး ၄ ခုရဲ့ ဘာသာရေး အဆောက်အအုံ တွေ ပြင်ဆင် တိုးချဲ့တာ၊ ဘာသာရေး အခမ်းအနားတွေ တရားပွဲတွေ ပြုလုပ်တာကို အာဏာပိုင်တွေ ခွင့်ပြုချက်မရဘဲ ဆောင်ရွက်နေတာကို စောင့်ကြည့် သတင်းယူဖို့ ရပ်ကွက်နဲ့ မြို့နယ် အာဏာပိုင်တွေကို ညွှန်ကြားထား တယ်လို့လည်း ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်အမိန့်နဲ့ ပိတ်တာဆိုလို့ ဦးသက်နိုင်ကို ဘီဘီစီက ဆက်သွယ်ပေမယ့် ဖုန်းဖြေဆိုဖို့ မအားသေးဘူးလို့ပဲ တုံ့ပြန်ပါတယ်။