စစ်ရှောင် ကချင် ၃ ဉီး သတ်ခံရမှု အမှုဖွင့် စစ်ဆေး

  • 4 ဇွန် 2017
Image caption ကင်းပုန်း ဝတ်တဲ့ တပ်စိတ် ကို စစ်ဆေးခွင့် တောင်းခံ ထားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ဦးထွန်းဦး က ဘီဘီစီကိုပြော

ကချင်ပြည်နယ် မံစီ မြို့နယ် မိုင်ခေါင်ရွာ စစ်ရှောင် ဒုက္ခသည် စခန်းက ကချင် လူငယ် သုံးဦး သတ်ခံ ရမှု နဲ့ ပတ်သက်ပြီး အစိုးရ စစ်တပ် ခမရ ၃၁၉ ကို လူသတ်မှု ပုဒ်မ နဲ့ မြစ်ကြီးနား ရဲစခန်း က စစ်ဆေးနေပါတယ်။

မေလ ၂၅ ရက်နေ့ က စစ်ရှောင် ဒုက္ခသည် စခန်း က ကချင်လူငယ် သုံးဦး ဖြစ်တဲ့ ကိုမရန်ဘရန်ဆိုင်း၊ ကိုအင်ဂွမ်အောင် နဲ့ကိုလဗျနော်ဂွမ် တို့ကို စစ်တပ်က ဖမ်းပြီး သတ်ပစ်လိုက်တယ်လို့ ဒေသခံ တွေက ပြောတာ ဖြစ် ပါတယ်။

လောလောဆယ်မှာ ခမရ ၃၁၉ က တရားခံ လို့ ယူဆရတဲ့ ကင်းပုန်း ဝတ်တဲ့ တပ်စိတ် ကို စစ်ဆေးခွင့် တောင်းခံ ထားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ဦးထွန်းဦး က ဘီဘီစီကိုပြောပါတယ်။

အဲဒီ တပ်စိပ် က တိုက်ကင်း ထွက်စဉ်မှာ ကချင် လူငယ် သုံးဦးကို သမင်္ကာလို့ ဖမ်းဆီး စစ်ဆေး မေးမြန်း စဉ်မှာ သေဆုံး ခဲ့ တာ ဖြစ်နိုင်ကြောင်း လောလော ဆယ် စုံစမ်း သိရှိ ထားရတယ်လို့ ရဲတပ်ဖွဲ့ ဘက် က ပြောပါတယ်။

ကချင် လူငယ် လေးယောက်ကို ခမရ ၃၁၉ တပ်စိတ် က ဖမ်းဆီး ထားခဲ့တာ ဖြစ်ပြီး အဲဒီ ထဲ က တစ်ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီ လူက ရွာသားတွေကို ပြောပြ ခဲ့လို့ အလောင်းတွေကို ရှာဖွေ တွေ့ ရှိခဲ့တာပါ။

ကချင် လူငယ် သုံးဦး သေဆုံးမှု နဲ့ ပတ်သက်လို့ အဲဒီ ခမရ ၃၁၉ မှာ တာဝန် ရှိပြီး ဖြေရှင်းချက် ထွက်ဆို ပေးဖို့ တောင်းခံ ထား တယ်လို့ ရဲတပ်ဖွဲ့ တာဝန် ရှိသူ က ပြောပါတယ်။

ကချင်လူငယ် သုံးဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်မှာ ဒီတပ်စိတ် ထဲ က ဘယ်သူ တွေ ပါဝင် ပတ်သက်နေတယ် ဆိုတာ ကတော့ ပြောဖို့ ခက်ပြီး တပ်စိတ် အကြီးအကဲ က တာဝန်ယူ ဖြေရှင်းပေးဖို့ လိုအပ်မယ်လို့ ရဲ က ဆိုပါတယ်။

လူသတ်မှု ကို တပ်အတွင်းမှာ လည်း စစ်ဆေး နေပြီး ခွင့်ပြုချက် ရရင် ရဲတပ်ဖွဲ့ က စောလျင်စွာ ပါဝင် စစ်ဆေး နိုင်မယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ က ဘီဘီစီ ကို ပြောပါတယ်။