ရန်ကုန်မှာမိုးကြီးတိုင်း ရေကြီးတာ ဘယ်လို ဖြေရှင်းမလဲ

  • 5 ဇွန် 2017
ဓာတ်ပုံ မူပိုင် Shwe Innthar Khin Mg Win
Image caption တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ရေကြီးတဲ့ မြင်ကွင်းတစ်နေရာ

ဇွန်လ ၄ ရက်နေ့က မိုးသည်းထန်ခဲ့တဲ့ပြီးနောက် ရန်ကုန်မြို့က နေရာ အတော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ ပါတယ်။

တချို့ အိမ်တွေမှာ အိပ်ခန်းတွေအထိ ရေဝင်ပြီးပျက်စီးတာ၊ မော်တော်ကားတွေ ရေမြုပ်တာ၊ လမ်းမတွေပေါ်မှာ ရေတွေ တက်လာတာကြောင့် လူတွေ သွာရလာရတာတွေ အခက်အခဲ ကြုံခဲ့ကြရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် ကတော့ ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်ဖို့ သူအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြု တင်ပြခဲ့တာတွေရှိပေမဲ့ အခုချိန် ထိတော့ တစုံတရာ လုပ်ဆောင်တာ မတွေ့ရ သေးဘူးလို့ ပြောပါတယ်။

အရင်အစိုးရ လက်ထက်က မြို့ပြစီမံကိန်း ရေးဆွဲ ဆောင်ရွက်ရာမှာ ပါဝင်ခဲ့တဲ့ မြို့ပြ စီမံကိန်း ဆိုင်ရာ ပညာရှင် ဒေါက်တာ ကျော်လတ်ကတော့ အခုလို ဖြစ်ရတာက လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ရေစီးရေလာ ကောင်းတဲ့ ရေမြောင်းစံနစ်တွေ၊ ရေထုတ် စနစ်တွေ မရှိတဲ့ အတွက် ဖြစ်ရတာဖြစ်ပြီး တစ်မြို့လုံး အတိုင်းအတာနဲ့ မြေပုံတောင် မရှိဘူးလို့ ဆိုပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ရန်ကုန်မြို့ကို လေးဆ အထိ တိုးချဲ့ခဲ့ပေမဲ့ စနစ်တကျ စီမံကိန်းချ လုပ်ခဲ့တာ မဟုတ်ဘူးလို့လည်း ဒေါက်တာ ကျော်လတ်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၉ ကနေ ၁၉၉၃ ခုနှစ်လောက်အတွင်း ဘက်စုံစီမံကိန်း ရေးဆွဲခဲ့ပေမဲ့ အစိုးရက ပညာရှင်တွေနဲ့ တိုင်ပင်ခဲ့တာ မရှိဘဲ လုပ်ချင်သလို လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

အခုလောလောဆယ် ရေကြီးတဲ့ ပြဿနာ အတွက် ကြည့်မြင်တိုင် ကမ်းနားလမ်းတလျှောက်၊ မြို့ထဲက ကမ်းနားလမ်း တလျှောက်၊ သာကေတနဲ့ ဒဂုံ ဆိပ်ကမ်း ဘက်တို့မှာ ရေတံခါးတွေကို ဖောက်လုပ်ပြီး ဒီရေတက်လာချိန်မှာ တားလိုက်မယ် ဆိုရင် တချို့နေရာတွေမှာ သက်သာသွားနိုင်မယ်၊ ဒါပေမဲ့ ဒါက တကယ့် ပြဿနာ ဖြေရှင်းမှုတော့ မဟုတ်ဘူးလို့ ဒေါက်တာ ကျော်လတ်က ပြောပါတယ်။

ဘက်စုံစီမံကိန်းအဖြစ် ရေရှည်စီမံကိန်း အသေအချာ ရေးဆွဲ လုပ်ဆောင်မယ် ဆိုရင်တောင် ငါးနှစ်လောက် ကြာလိမ့်ဦးမယ်လို့ ဆိုပါတယ်။