ဟိုင်းကြီးကျွန်းက ရွာတွေထဲ ကြွက်တွေ ဝင်ရောက်

  • 6 ဇွန် 2017
ဓာတ်ပုံ မူပိုင် ဧရာဝတီ သတင်းဌာန ဓါတ်ပုံ
Image caption သုတ်သင်ထားတဲ့ ကြွက်တွေကို ရောဂါရှိမရှိ ကျန်းမာရေးဌာနက စစ်ဆေးနေ

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းက ကျေးရွာအတော် များများကို မေလဆန်းက စပြီး ထောင်သောင်းချီတဲ့ ကြွက်တွေ ဝင် ရောက်လာခဲ့ ပါတယ်။

အဲဒီကြွက်တွေကို သုတ်သင်ရှင်းလင်းပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာန တွေကို စစ်ဆေးဖို့ ပေးထားတယ်လို့ ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းအောင်က ပြောပါတယ်။

ကြွက်တွေက ဇီးချိုင်ကျေးရွာကို မေလ ၂ ရက်နေ့က အရင်ဆုံး ဝင်လာတာဖြစ်ပြီး နောက်ရက် တွေမှာ ကံချိုင်နဲ့ ကျောက်ချောင်း ရွာတွေကို ဆက်ဝင် လာခဲ့ရာက မေလ ၆ ရက်နေ့မှာ ကညင်ချောင်းရွာကို ရောက်လာ ခဲ့ကြပြီလို့ သူက ဆိုပါတယ်။

ဟိုင်းကြီးကျွန်း ဒေသမှာ ဝါးတွေသီးတဲ့ အတွက် ကြွက်ပေါက်ပွားမှု ရုတ်တရက် တိုးလာတာ ဖြစ်နိုင်တယ်လို့ ဦးသန်းအောင်က ခန့်မှန်း ပါတယ်။

ရွာခံတွေ အနေနဲ့က ကြွက်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ကူးစက်ဖြစ်ပွား မှာကိုစိုးရိမ် နေကြပြီး တွင်းအောင်း သတ္တဝါတွေ အခုလို အစုလိုက် အပြုံလိုက် ရွာတွေထဲ ဝင်လာတဲ့ အတွက် ကြီးမားတဲ့ မုန်တိုင်းကျလာနိုင်တဲ့ သဘောလားဆိုပြီး တော့လည်း စိုးရိမ်နေကြတယ်လို့ သူက ပြောပါတယ်။

ကြွက်တွေက ဝင်ရောက် ကိုက်ဖြတ်စားသောက်တဲ့ အတွက်ရွာတွေထဲမှာ စားစရာတွေ ပျက်စီးကုန်ပါတယ်။