တနိုင်းဒေသ မှော်တွေကို ဝင် ရှင်းလင်းမယ်လို့ စစ်တပ် သတိပေး

  • 6 ဇွန် 2017
Image caption ဇွန်လ ၅ ရက် နောက်ဆုံး ထား ထွက်ခွာ ကြဖို့ သတိပေး

အစိုးရ စစ်တပ်ကနေ နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်မယ် ဆိုတဲ့ သတိပေးမှုကြောင့် ကချင်ပြည်နယ်၊ တနိုင်း မြို့နယ်ထဲမှာ ရှိတဲ့ ရွှေနဲ့ ပယင်း မှော်တွေမှာ အလုပ်လုပ် နေသူတွေ၊ ဒေသခံ ကျေးရွာက သူတွေ ထောင်ချီပြီး တနိုင်းမြို့ပေါ် ရှိရာ ပြေးလာ နေကြပါတယ်။

တရားဝင် မဟုတ်ပဲ တူးဖော်နေတဲ့ တနိုင်းမြို့နယ်ထဲက မှော်တွေကြောင့် သဘာဝ ပတ်ဝန်းကျင် နဲ့ ဂေဟ စနစ် ထိခိုက် ပျက်စီးရတယ် ဆိုပြီး လာမယ့် ဇွန်လ ၁၅ ရက် နောက်ဆုံး ထား ထွက်ခွာ ကြဖို့ အစိုးရ စစ်တပ်က လေယာဉ်ကနေ သတိပေးစာတွေ ကြဲချ ခဲ့ပါတယ်။

ထွက်မသွားတဲ့ သူတွေကို ကချင်လက်နက်ကိုင် KIA နဲ့ ပူးပေါင်း နေသူတွေ အဖြစ် သတ်မှတ်မယ် လို့ လေယာဉ်ပေါ်က ကြဲခဲ့တဲ့ စာတွေထဲ ဖော်ပြထားပြီး အစိုးရ စစ်တပ်က နယ်မြေ ရှင်းလင်းတဲ့အခါ သေဆုံး ဒဏ်ရာရတာတွေ မဖြစ်စေချင်လို့ ကြိုတင် အကြောင်းကြရတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့ကြောင့် အဲဒီ သတိပေးစာ ရရှိထားတဲ့ ခေျာင်းဆုံ၊ နန်ဗြူ၊ ဇီးဖြူကုန်းနဲ့ ညောင်ပင်ကုန်း အပါအဝင် ရွှေနဲ့ ပယင်း တူးနေတဲ့ နေရာက သူတွေ၊ ပတ်ဝန်းကျင် ကျေးရွာ တချို့က သူတွေ ထောင်ချီပြီး ပြေးလာ နေကြလို့ သူတို့ကို တနိုင်း မြစ်ကြောင်း အတိုင်း စက်လှေတွေနဲ့ သွားရောက် ခေါ်ယူ နေတယ်လို့ ကူညီရေး လုပ်ဆောင် နေသူတွေက ဘီဘီစီကို ပြောပါတယ်။

တနိုင်း ပတ်ဝန်းကျင် ဒေသတွေမှာတော့ အစိုးရ စစ်တပ်က သတိ ပေးထားတဲ့ နောက်ဆုံး ရက် မတိုင်ခင်မှာကို တိုက်ပွဲတွေ ရှိနှင့် နေပြီး လက်နက်ကြီး ပစ်ခတ်သံတွေကို တနိုင်းမြို့ပေါ် ကနေ ကြား နေရတယ်လို့ ဆိုပါတယ်။

တနိုင်းကို ရောက်လာတဲ့ အခါ ကချင် နှစ်ခြင်း အသင်းတော် ခရစ်ယာန် ဘုရားကျောင်းဝင်းထဲ နေရာချဖို့ စီစဉ်ထားတယ်လို့ ကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။