ကနေဒါရောက် ကရင်တွေ အိတ်ဖွင့်ပေးစာ ပေးပို့

  • 7 ဇွန် 2017
ဓာတ်ပုံ မူပိုင် MOFA Myanmar
Image caption ကနေဒါခရီးစဉ်အတွင်း ကနေဒါဝန်ကြီးချုပ်နဲ့ရော ပါလီမန် အမတ်တွေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည် တွေ့မယ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံမှာ ရောက်ရှိနေစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ( KCC) Karen Community of Canada ခေါ် ကနေဒါရောက် ကရင်အသိုင်းအဝိုင်းက အိတ်ဖွင့်ပေးစာ တစောင် ထုတ်ပြန်လိုက်ပါတယ်။

တိုင်းရင်းသားနယ်မြေတွေမှာ အစိုးရ စစ်တပ်က ဆက်လက် စခန်းချ တပ်စွဲနေမှု၊ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအနေနဲ့ လစ်လျူရှုထားပြီး ဒါတွေနဲ့ ပတ်သက်လို့ ဘာမှ ဆောင်ရွက်ပေးတာမျိုး မရှိတဲ့အတွက် သူတို့အနေနဲ့ စိုးရိမ်မိကြောင်း အဲဒီ အိတ်ဖွင့်ပေးစာထဲမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန္နဝါရီလက ကနေဒါ သံအမတ်ကြီး Karen McArthur နဲ့ တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံပြီး ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသား နယ်မြေတွေမှာ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ကနေဒါအစိုးရက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရေး ဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့လည်း စိုးရိမ်မိကြောင်း ဖေါ်ပြထားပါတယ်။

ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည်တွေ ဌာနေပြန်ရေးကိစ္စ၊ ရွှေ့ပြောင်းဒုက္ခသည် ၆သိန်းလောက်အတွက် ကယ်ဆယ်ရေး အကူအညီပေးရေးကိစ္စ၊ တိုင်းရင်းသားနယ်မြေတွေကနေ အစိုးရ စစ်တပ်တွေ ရုတ်သိမ်းပေးရေးကိစ္စ၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ မြန်မာ အစိုးရ ပူးပေါင်းစုံစမ်းစစ်ဆေးရေး ကိစ္စ စတာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် မေးမြန်းပေးဖို့ ကနေဒါအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေကို တောင်းဆိုထားပါတယ်။