ပျောက်နေတဲ့ စစ်တပ် ပို့ဆောင်ရေး လေယာဉ်ပေါ် လူရာကျော် လိုက်ပါသွား

  • 7 ဇွန် 2017
Image caption မြိတ် လေတပ် စခန်းဌာနချုပ် ကနေ ရန်ကုန်ကို ဦးတည် ထွက်ခွာခဲ့

ထားဝယ်မြို့ အနီး ပျောက်ဆုံးသွားတဲ့ တပ်မတော် ပို့ဆောင်ရေး လေယာဉ်ပေါ် စစ်သည်/မိသားစု ၁ဝ၈ ယောက် နဲ့ လေယာဉ် အမှုထမ်း ၁၄ ယောက် လိုက်ပါသွားတယ် ဆိုပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ပျောက်ဆုံးနေတဲ့ လေယာဉ်ဟာ Y-8-200 F အမျိုးအစား လေယာဉ် အမှတ်- ၅၈၂၀ ဖြစ်ပြီး မြိတ် လေတပ် စခန်းဌာနချုပ် ကနေ ရန်ကုန်ကို ဦးတည် ထွက်ခွာ ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး အဆက်အသွယ် ရရှိ ခဲ့တဲ့ နေရာဟာ ထားဝယ်ရဲ့ အနောက်ဘက် မိုင် ၂၀ အကွာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် ဝေဟင် ရေပြင် ရှာဖွေရေးတွေ ဆက်လက် လုပ်ဆောင် နေတယ်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

Y-8 အမျိုးစား စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ တရုတ်နိုင်ငံက ထုတ်လုပ်တာ ဖြစ်ပြီး မြန်မာ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာ နိုင်ငံတွေ အပါအဝင် ပြည်ပကို ရောင်းချ ထားတာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲ မှာတော့ အခု ပျောက်ဆုံး နေတဲ့ လေယာဉ်ဟာ ၂၀၁၆ မတ်လမှာ နောက်ဆုံး ရောက်လာတဲ့ လေယာဉ်လို့ ဖော်ပြ ထားပါတယ်။