ကြွက်တွေရွှေ့ပြောင်းခြင်း အကြောင်းရင်း

  • 7 ဇွန် 2017
ဓာတ်ပုံ မူပိုင် Dr Nyome Htwe
Image caption ဝါးသီးကိုစားလို့ ကြွက်တွေမျိုးပွားပြီး ရွှေ့ပြောင်းမှုတွေ ဖြစ်လာကြောင်း ခွဲစိတ်စစ်ဆေးမှုအရသိရှိရ

ဒီသီတင်းပတ်ထဲမှာ ငပုတောမြို့နယ် ကံချိုင်၊ ဇီးချိုင် အပါအဝင် ရွာငါးရွာမှာ ကြွက်တွေ ထောင်သောင်းချီပြီး ရွာထဲကို စီတန်းဝင်ရောက်လာလို့ ကျေးရွာနေ ပြည်သူလူထု ထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။

ကြွက်တွေ ထောင်သောင်းချီရွှေ့ပြောင်း ဝင်ရောက်လာခြင်းရဲ့ အကြောင်းရင်းကို ဧရာဝတီတိုင်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက တောနင်းရှာဖွေ စုံစမ်းစစ်ဆေး စမ်းသပ်မှုတွေ ပြလုပ်ခဲ့ပါတယ်။

ဇွန်လ ၆ ရက်နေ့နဲ့ ဇွန်လ ၇ ရက်နေ့ အတွင်းမှာ တောထဲ၊ တောင်ပေါ်နဲ့ ပင်လယ်ကမ်းခြေက ကြွက် ၁၃ ကောင်ကို ခွဲစိတ်ပြီး ကြွက်တွေ စားသောက်ထားတဲ့ အစားအသောက်တွေကို စစ်ဆေးကြည့်ပြီး ပြဿနာရဲ့ အဖြေကို ကြိုးစားရှာဖွေခဲ့တယ်လို့ ဧရာဝတီတိုင်း သီးနှံကာကွယ်ရေးတာဝန်ခံ ဦးဝင်းစိုးက ဘီဘီစီကို ပြောပါတယ်။

တောထဲကို ကွင်းဆင်းလေ့လာပြီး ဝါးပင်တွေအသီးသီးပြီး သေနေကြတာကိုတွေ့ကတည်းက ပြဿနာဟာ ဝါးသီးတွေကြောင့် ဖြစ်မယ်လို့ ယူဆခဲ့တယ်လို့ ဆိုပါတယ်။

ဝါးသီးမှာပါတဲ့ ဟိုမုန်းဓာတ်ဟာ ကြွက်တွေရဲ့ မျိုးပွားမှုကို နှစ်ဆ သုံးဆတိုးမြင့်စေနိုင်တဲ့ အတွက်ကြောင့် ပုံမှန် ကြွက်မ တစ်ကောင်ဟာ ရာသီတခုအတွင်းမှာ ကြွက်ငယ် အကောင် ၁၃၀ မျိုးပွားနိုင်ပေမယ့် အခုအခါမှာ အဲဒီ့ထက် နှစ်ဆသုံးဆ ပိုမိုမျိုးပွားခဲ့ပြီး ကြွက်ကောင်ရေ အဆမတန်တိုးပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြွက်တွေရဲ့ အရွယ်အစားတူညီခြင်း၊ ကြွက်တွေရဲ့ သက်တမ်းဟာ အားလုံး ၂ လခွဲ ၃ လ အရွယ်တွေချည်းဖြစ်နေတာ တူညီခြင်းနဲ့ ရွှေ့ပြောင်းလာတဲ့ ကြွက်၀မ်းဖြူတွေဟာ ကြွက်ထီးတွေချည်းဖြစ်နေတဲ့ တူညီခြင်းတို့ဟာ သူတို့ အယူအဆ မှန်ကန်ကြောင်း အထောက်ကူပြုထင်ရှားစေတယ်လို့ ဆိုပါတယ်။

ကြွက်တွေရဲ့ ဝမ်းပိုက်တွေကို ခွဲကြည့်တဲ့အခါ ကြွက်တွေရဲ့ ဝမ်းပိုက်ထဲမှာ ဝါးရွက်နု၊ ဒညင်းရွက်၊ ဖာလာခေါက်တွေကို တွေ့ရပါတယ်။ ပင်လယ်ကမ်းစပ်က ကြွက်တွေမှာ ခရုနဲ့ ရေသတ္တဝါအကြွင်းအကျန်တွေကိုတွေ့ရပါတယ်။ ဒါက ဘာကို ဖော်ပြသလဲဆိုရင် ကြွက်တွေဟာ အကောင်ရေ ပွားများတိုးတက်လာပြီး စားသောက်စရာ အလုံအလောက် မရှိတော့တဲ့ အတွက် သူတို့ကြိုက်နှစ်သက်တဲ့ အစားအစာမဟုတ်တော့ဘဲ ရရာ အစားအစာကို ရှာဖွေစားသောက်လာကြရတယ်ဆိုတဲ့ အချက်ကို ဖော်ပြတယ်လို့ ဆိုပါတယ်။

ကြွက်ဝမ်းဖြူရဲ့ သဘာဝမှာ ကြွက်ထီးတွေက ဦးဆောင်လေ့ရှိတဲ့ အတွက် နေရာသစ်ကို ရှာဖွေရွှေ့ပြောင်းရာမှာ ကြွက်ထီးတွေကိုသာ အများအပြားတွေ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကြွက်တွေမှာ ပလိပ်ရောဂါဖြစ်စေတဲ့ ကြွက်သန်း မတွေ့ရဘူးလို့ အခုစုံစမ်းရေးအဖွဲ့မှာ ပါဝင်သူ ကြွက်ဂေဟဗေဒပညာရှင် ဒေါက်တာ ညိုမီထွေးက သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြရေးသားထားပါတယ်။

ကြွက်တွေထွက်ပြေးလာကြတာဟာ သဘာဝကပ်ဘေးရဲ့ အတိတ်နိမိတ်ဟုတ်မဟုတ်ကို သူတို့ ပညာရပ်နယ်ပယ်နဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ အတွက် မပြောနိုင်ပေမယ့် သဘာဝကပ်ဘေးကို သတ္တဝါတွေက သိရှိရိပ်မိပြီး ရွှေ့ပြောင်းတာ ဖြစ်မယ်ဆိုရင်အခုလို ကြွက်ဝမ်းဖြူတမျိုးတည်းသာ ရွှေ့ပြောင်းတာမျိုး ဖြစ်နိုင်ဖွယ်ရှိမရှိ စဉ်းစားဖို့လိုမှာ ဖြစ်ကြောင်း ဧရာဝတီတိုင်း သီးနှံကာကွယ်ရေးတာဝန်ခံ ဦးဝင်းစိုးက ဘီဘီစီကို ပြောပါတယ်။