မြန်မာ တနိုင်ငံလုံး လျှပ်စစ်မီး သုံးနိုင်ရေး နည်းလမ်းရှာဖွေ

  • 8 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံမှာ ကျောက်မီးသွေး အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ စဉ်းစားနေ

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အား ပိုမိုရရှိဖို့ နည်းလမ်းရှာတဲ့ စွမ်းအင်ဖိုရမ်ကို ပြည်တွင်းပြည်ပက စွမ်းအင်၊ လျှပ်စစ် ပညာရှင်တွေ၊ လေ့လာသူတွေကို ဖိတ်ကြားပြီး နေပြည်တော်မှာ ဇွန်လ ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။

လောလောဆယ် မြန်မာ တနိုင်ငံလုံးမှာ လူဦးရေစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကပဲ လျှပ်စစ်မီး အသုံးပြုနိုင်တာမို့ တစ်နိုင်ငံလုံး လျှပ်စစ်မီး ရအောင် လက်ရှိ အစိုးရအနေနဲ့ ၂၀၁၇ နှစ်ဆန်းပိုင်းက စလို့ နည်းလမ်း ရှာဖွေနေတာပါ။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး အပြည့်အဝ ရရှိဖို့ သဘာဝဓါတ်ငွေ့ကို ပြည်ပက ဝယ်ယူ အသုံးပြုဖို့နဲ့ တချို့ဒေသတွေမှာ ကျောက်မီးသွေးကိုအသုံးပြုဖို့ စဉ်းစားနေတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် စွမ်းအင် ပညာရှင်တချို့ကတော့ ကျောက်မီးသွေးနဲ့သဘာဝဓါတ်ငွေကို အသုံးပြုမဲ့အစား ရေအား လျှပ်စစ်ကို အသုံးပြုသင့်တယ်လို့ အကြံပြုခဲ့ကြပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ရေအား လျှပ်စစ် ထုတ်လုပ်နိုင်တဲ့ နေရာ အတော်များများ ရှိနေပေမယ့် စုစုပေါင်း ထုတ်လုပ်နိုင်စွမ်းရဲ့ ၃ ရာခိုင်နှုန်းလောက်သာ ထုတ်လုပ် အသုံးပြုနိုင်ပါသေးတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စွမ်းအင် မူဝါဒဆိုင်ရာ ညှိနှိုင်း အစည်းအဝေးမှာလည်း စွမ်းအင်နဲ့ ဆိုင်တဲ့ မူဝါဒ ၁၂ ချက်ကို ဆွေးနွေး ခဲ့ကြ ပါတယ်။