ပျောက်ဆုံး တပ်မတော်လေယာဉ် ရှာဖွေနေဆဲ

  • 8 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ပျောက်ဆုံး လေယာဉ်ပေါ်မှာ စစ်သည်တွေနဲ့ မိသားစုဝင်တွေ ၁၀၈ဦး လိုက်ပါသွား

ထားဝယ်မြို့နားမှာ မနေ့က အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားတဲ့ တပ်မတော် သယ်ယူ ပို့ဆောင်ရေး လေယာဉ်ကို တပ်မတော်က ရေယာဉ်တွေ၊ လေယာဉ်တွေ၊ မြေပြင်တပ်တွေနဲ့ နေရာဖြန့်ခွဲ ရှာဖွေနေဆဲပဲလို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ အဲဒီလေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းတွေနဲ့ တပ်မတော် စစ်သည်တွေနဲ့ မိသားစုဝင် ခရီးသည် စုစုပေါင်း လူ၁၂၂ဦး လိုက်ပါသွားတယ်လို့ သိရပါတယ်။

အခုဒီလေယာဉ် ပျောက်ဆုံးနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အတည်မပြုနိုင်တဲ့ ကောလဟလ သတင်းတွေ ရေးသား ဖေါ်ပြနေတာတွေကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့လည်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

The Ladies News ရဲ့ Facebook စာမျက်နှာမှာ ပျက်ကျ တပ်မတော်လေယာဉ်မှ အသက်ရှင်သူတွေ အလောင်းတွေကို ရှာဖွေ တွေ့ရှိထားတယ် ဆိုတဲ့ သတင်းတွေ၊ လေယာဉ် ပျက်မကျမီ ဂတ်စ်အိုး ပေါက်ကွဲခဲ့တယ် ဆိုတဲ့ သတင်းတွေဟာ အတည်မပြုနိုင်တဲ့ ကောလဟလ သတင်းတွေ ဖြစ်ပြီး ပျောက်ဆုံး လေယာဉ်ပေါ်ပါ စစ်သည်တွေနဲ့ မိသားစုဝင်တွေကို သာမက တပ်မတော် မိသားစုတရပ်လုံးကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတဲ့ အတွက် ပြင်းထန်စွာ ကန့်ကွက်တယ်လို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။