ရုပ်အလောင်းတချို့၊ လေယာဉ် အစိတ်အပိုင်း တချို့ စတွေ့

  • 8 ဇွန် 2017
ဓာတ်ပုံ မူပိုင် ကာကွယ်ရေး ဦးစီးချုပ်ရုံး
Image caption ရုပ်အလောင်း ၁ဝ လောင်း ရှာတွေ့

လူ ၁၂၂ ယောက် လိုက်ပါသွားတဲ့ စစ်ဘက် ပို့ဆောင်ရေး လေယာဉ်ရဲ့ အပျက်အစီး အစိတ် အပိုင်း တချို့နဲ့ ရုပ်အလောင်း တချို့ကို တွေ့ရှိ ခဲ့ရပြီလို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန် ပါတယ်။

တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် အနောက်တောင်ဘက် ကမ်းလွန်ပြင်၊ ကပ္ပလီ ပင်လယ်ပြင်ကနေ ရှာဖွေ တွေ့ရှိ ထားသမျှ ကလေး ရုပ်အလောင်း ၈ လောင်း အပါအဝင် ရုပ်အလောင်း ၂၉ လောင်း ရှာတွေ့ ထားရတယ်လို့ ဆိုပါတယ်။

လေယာဉ် ဘီးလို့ ယူဆရတဲ့ တာယာကွင်း အပါအဝင်၊ အသက်ကယ် အင်္ကျီတချို့နဲ့ ခရီးဆောင် အိတ် တချို့လည်း ဆယ်ယူ ထားတယ်လို့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ဝေဟင်၊ ရေပြင် ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင် နေကြဆဲ ဖြစ်ပါတယ်။

Y-8-200 F အမျိုးအစား လေယာဉ်ပေါ် စစ်အမှုထမ်းတွေနဲ့ မိသားစုဝင်တွေ ၁ဝ၈ ယောက်နဲ့ လေယာဉ် ဝန်ထမ်း ၁၄ ယောက် လိုက်ပါ သွားတာ ဖြစ်ပါတယ်။

ဇွန်လ ၇ ရက်နေ့က မြိတ် လေတပ် စခန်းဌာနချုပ် ကနေ ရန်ကုန်ကို ဦးတည် ထွက်ခွာ ခဲ့တာ ဖြစ်ပြီး နောက်ဆုံး အဆက်အသွယ် ရရှိ ခဲ့တဲ့ နေရာဟာ ထားဝယ်ရဲ့ အနောက်ဘက် မိုင် ၂၀ အကွာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအချိန်ထိတော့ ဘာ့ကြောင့် လေယာဉ် ပျက်ကျ ခဲ့ရသလဲ ဆိုတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

လေယာဉ်ပေါ် လိုက်ပါ သွားသူတွေရဲ့ နာမည် စာရင်း အပြည့်အစုံကို တပ်မတော်က ထုတ်ပြန် လာတာမှာ ခွင့်နဲ့ နေရပ်ပြန်တာ၊ တပ်ပြောင်းတာမျိုး ပြုလုပ်တဲ့ စစ်မှုထမ်းတွေရဲ့ မိခင်၊ ဇနီး ၊ သား၊ သမီး စသဖြင့် မိသားစု လိုက် တွေ သာမက ညီ၊ ညီမ၊ တူ စသဖြင့် မိသားစုဝင်တွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

Y-8 အမျိုးစား စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ တရုတ်နိုင်ငံက ထုတ်လုပ်တာ ဖြစ်ပြီး မြန်မာ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာ နိုင်ငံတွေ အပါအဝင် ပြည်ပ နိုင်ငံတွေကို တင်ပို့ ရောင်းချ ထားတာ ဖြစ်ပါတယ်။

အခု ပျက်ကျ သွားတဲ့ လေယာဉ်ကို ကို မြန်မာနိုင်ငံက ပြီးခဲ့တဲ့နှစ် မတ်လက ဝယ်ယူ ထားတာ ဖြစ်ပြီး ပျံသန်းချိန် ၈ဝ၉ နာရီသာ ရှိသေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ၂ဝ၁၆ တုန်းကလည်း တပ်မတော် လေယာဉ် တစ်စင်း နေပြည်တော် မြို့တော်မှာ ပျက်ကျ ခဲ့လို့ လိုက်ပါသွားသူ အမှုထမ်း ၅ ယောက် သေဆုံး ခဲ့ရသလို၊ နောက် လ အနည်းငယ် အကြာမှာလည်း နိုင်ငံ အလယ်ပိုင်းမှာ စစ်ရဟတ်ယာဉ် တစ်စင်း ပျက်ကျလို့ ၃ ဦး သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ