The Voice သတင်း သမားတွေ အာမခံ မရ

  • 8 ဇွန် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ကို ဗဟန်းတရားရုံးမှာ ရုံးထုတ်ပြီး ရမန်ထပ်ယူ

ဆက်သွယ်ရေး ပုဒ်မ ၆၆-ဃ နဲ့ တပ်မတော်က တရား စွဲဆိုခဲ့ ပြီးနောက် ဖမ်းဆီးခံထားရတဲ့ The Voice သတင်း မီဒီယာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် ခေါ် ဦးကျော်စွာနိုင်တို့ရဲ့ အာမခံ လျှောက်ထားချက် ပယ်ချ ခံခဲ့ရပါတယ်။

တပ်မတော် ဂုဏ်ပြုဇာတ်ကား ပြည်ထောင်စုသစ္စာ ကို ကျည်ထောင်စုသစ္စာ ဆိုပြီး ဗြိတိသျှကိုကိုမောင်က အမည်နဲ့ The Voice သတင်းစာ သရော်စာ ကဏ္ဍမှာ ရေးခဲ့တာဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆိုပြီး ဆောင်းပါးရှင်နဲ့ အယ်ဒီတာချုပ်တို့ကို ဆက်သွယ်ရေး ပုဒ်မနဲ့ တပ်မတော်ဖက်က တရားစွဲဆို ခဲ့တာပါ။

ချုပ်ရက် ရမန်ယူဖို့ ပြီးခဲ့တဲ့ စနေနေ့က အစိုးရရုံးပိတ်ရက်မှာ သူတို့ကို သီးသန့် ရုံးထုတ်ခဲ့ ပြီးနောက် ဗဟန်းမြို့နယ် တရားရုံမှာ ဇွန်လ ၈ ရက်နေ့က ပထမအကြိမ် ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

တရားရုံးမှာ ဗဟန်းရဲစခန်းက ဒုရဲမှူးက အချုပ် ရမန် ထပ်တောင်းခံ ခဲ့ပြီး တရားစွဲခံထားရသူတွေကလည်း အာမခံပေးဖို့ လျှောက်ထားခဲ့တယ်လို့ သူတို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအကျိုးဆောင် ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

ဒါပေမဲ့ အချက်အလက် မပြည့်စုံဘူး ဆိုပြီး တရားသူကြီးက အာမခံ ပယ်ချခဲ့တဲ့ အတွက် သူတို့ကို ဇွန်လ ၁၆ ရက်နေ့ အထိ ဆက်လက် ချုပ်ထားမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဗဟန်း တရားရုံးမှာ ရုံးထုတ် စစ်ဆေးမှုကို သတင်းသမား လေးငါးဆယ်လောက် လာရောက်ပြီး စွပ်စွဲခံရတဲ့ သတင်းသမားတွေကို အားပေးခဲ့ကြပါတယ်။

အမှု စစ်ဆေးနေစဉ် တရားရုံး အပြင်ဖက်မှာ သတင်းမီဒီယာသမားတွေက ပုဒ်မ ၆၆-ဃ ပြင်ဆင်ရေးနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် လက်ပတ်ဖြူ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မှာသာမက မန္တလေးမှာလည်း သတင်း မီဒီယာသမားတွေက လက်ပတ်ဖြူ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။