ရာသီဥတု ဆိုးတဲ့ကြားက ရှာဖွေရေးတွေ ဆက်လုပ်နေ

  • 9 ဇွန် 2017
ဓာတ်ပုံ မူပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဓါတ်ပုံ
Image caption တပ်မတော်ရေယာဉ်တွေနဲ့ ရှာဖွေကယ်ဆယ်မှုတွေ ဆက်လုပ်

ဇွန်လ ၇ ရက်နေ့က မြိတ်မြို့ ကနေ ရန်ကုန်ကို အလာ ထားဝယ်မြို့အနီး ပင်လယ်ပြင်မှာ ပျက်ကျ ခဲ့တဲ့ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်ကို ရှာဖွေ နေရာမှာ ရုပ်အလောင်း စုစုပေါင်း ၃၂ လောင်း တွေ့ရှိ ခဲ့ပြီး ၁၆ လောင်းကို ဘယ်သူဘယ်ဝါ ဆိုတာ အတည်ပြုနိုင်ခဲ့ပြီလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန် ပါတယ်။

သက်ဆိုင်ရာ မိသားစုတွေလည်း ရောက်လာတဲ့ ဘယ်သူ ဘယ်ဝါမှန်း စစ်ဆေး သိရှိပြီး အလောင်း ထဲက ၁၀ လောင်းကို ဇွန်လ ၉ ရက်နေ့က ထားဝယ်မြို့နယ်၊ ဇဟာ ကျေးရွာက သံဝေဂလမ်း သင်္ချိုင်းကို ပို့ဆောင် သင်္ဂြိုဟ် ခဲ့တယ်လို့ တနင်္သာရီတိုင်း လူမှုရေးဝန်ကြီး ဦးဟိုပင်က ပြော ပါတယ်။

ဇွန် ၈ ရက် ညနေပိုင်း ကတော့ ဆယ်ယူရရှိတဲ့ အလောင်း တွေကို လောင်းလုံမြို့နယ် စန်းလန်း ကျေးရွာကို တပ်မတော် စစ်ရေယာဉ်တွေနဲ့ ပို့ဆောင်ပေးခဲ့ပြီး အဲဒီကနေ ကားတွေနဲ့ ထားဝယ်မြို့ တပ်မတော် ဆေးရုံကို ပို့ ခဲ့ပါတယ်။

တိုင်းအစိုးရ အနေနဲ့ ကယ်ဆယ် ကူညီရေးလုပ်ငန်း တွေမှာ ပံ့ပိုးပေးတဲ့ အပိုင်းမှာပဲ လုပ်ဆောင် ပေးရပြီး တပ်မတော်ကပဲ တာဝန်ယူ ဆောင်ရွက်တာဖြစ်တယ်လို့ ဦးဟိုပင်က ပြောပါတယ်။

ထားဝယ်မြို့ကို လာကြတဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေကိုလည်း တပ်မတော်ကပဲ စီစဉ် ပို့ဆောင် ပေးနေ ပါတယ်။

ဇွန် ၉ ရက်မှာ ရာသီဥတုဆိုးရွား နေပေမဲ့ တပ်မတော် စစ်ရေယာဉ်တွေ၊ ဒေသခံ ငါးဖမ်း စက်လှေ တွေနဲ့ ပင်လယ်ပြင်ထဲမှာ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင် နေတယ်လို့ သိရ ပါတယ်။

အခုလို လူတွေ အမြောက်အမြား သေဆုံးရတဲ့ ဝမ်းနည်းဖွယ်ရာ လေယာဉ် ပျက်ကျခဲ့မှု အတွက် နိုင်ငံတော် သမ္မတရုံး၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့က ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန် ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ ဖက်မှာလည်း အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ သံရုံးတို့က လေယာဉ်ပေါ်ပါသွားတဲ့ တပ်မတော်သား မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆို ခဲ့ကြပါတယ်။