အောင်ဝင်းခိုင်ကို ဖမ်းနိုင်ချေ မရှိသေးလို့ မှုခင်းတပ်ဖွဲ့ပြော

  • 9 ဇွန် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption အောင်ဝင်းခိုင်ဟာ ရဲတွေ လာရောက် မစုံစမ်းခင် ၂ ရက်အလို ဖေဖော်ဝါရီလ ၁၀ ရက်လောက်မှာ ဇေယျာဖြိုးကုမ္ပဏီကို လာရောက် ခဲ့ကြောင်း ဝန်ထမ်း ၂ ဦးက စစ်ချက်ထွက်ခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေးအဖွဲ့ဝင် ဦးကိုနီ အသတ်ခံရမှုမှာ တရားခံပြေး အောင်ဝင်းခိုင်ကို လောလောဆယ် ဖမ်းဆီး ရမိနိုင်မယ့် အခြေအနေ မရှိသေးတဲ့အကြောင်း နေပြည်တော် မှုခင်းရဲတပ်ဖွဲ့က ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးမှာ ဇွန်လ ၉ ရက်နေ့က လာရောက် ထွက်ဆိုခဲ့ပါတယ်။

အခုလို လာရောက် ထွက်ဆိုတဲ့နေရာမှာ အောင်ဝင်းခိုင် ပျောက်ဆုံးသွားတယ်ဆိုတဲ့ နေပြည်တော် ပရဆေးဥယျာဉ်အတွင်း၊ နေပြည်တော် အနီးတဝိုက်နဲ့ နယ်စပ်ဝင်ပေါက် ထွက်ပေါက်တွေမှာလည်း နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရှာဖွေ စစ်ဆေးမှုတွေ လုပ်ခဲ့တာနဲ့ ပတ်သက်လို့လည်း မှုခင်းရဲတပ်ဖွဲ့က ရဲမှူးအပါအဝင် ရဲအရာရှိ လေးဦးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၂ ဦးတို့က ရုံးတော်မှာ ထွက်ဆိုခဲ့ကြပါတယ်။

နေပြည်တော်မြို့ ရွှေကြာပင် ရပ်ကွက်က ဇေယျာဖြိုးကုမ္ပဏီကို ရဲတွေက စုံစမ်း မေးမြန်းတဲ့အခါမှာတော့ အောင်ဝင်းခိုင်ဟာ အခုလို ရဲတွေ လာရောက်မစုံစမ်းခင် ၂ ရက်အလို ဖေဖော်ဝါရီလ ၁၀ ရက်လောက်မှာ ကုမ္ပဏီကို လာရောက် ခဲ့ကြောင်း ဝန်ထမ်း ၂ ဦးက စစ်ချက်ထွက်ခဲ့တယ်လို့လည်း မှုခင်းရဲတပ်ဖွဲ့က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

အောင်ဝင်းခိုင်ကို နောက်ဆုံး ရိုက်ကူးမိခဲ့တယ်ဆိုတဲ့ လုံခြုံရေးကင်မရာဟာလည်း ခြောက်ရက်သာ မှတ်သားထားနိုင်တဲ့အတွက် အဲဒီမှတ်တမ်းမရှိပဲ ဖြစ်နေပြီး ဒီအပိုင်းကို တာဝန်ယူရတဲ့ ရဲအရှိကိုလည်း စစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ တရားလို ရှေ့နေ ဦးနေလက ဘီဘီစီကို ပြောပါတယ်။

နေပြည်တော် ပရဆေး ဥယျာဉ် ပတ်ဝန်းကျင်ဟာ လူဦးရေ မထူထပ်တဲ့အတွက် ရှာဖွေရ မခက်ခဲပဲ ဒီနယ်တဝိုက်မှာ မရှိတော့လို့သာ သူ့ကို မဖမ်းမိတာသေးတာလို့လည်း မှုခင်းတပ်ဖွဲ့က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

အခုလို အောင်ဝင်းခိုင် လွတ်မြောက်နေတဲ့ တရားခံပြေးအမှုနဲ့ ပတ်သက်တဲ့ နောက်ထပ် သက်သေ ငါးယောက်ကို လုံလောက်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီးရင် ဖမ်းမိထားတဲ့ တရားခံတွေကို ဆက်လက် စစ်ဆေးမှာဖြစ်ပြီး တရားခံပြေး မိတဲ့အထိတော့ ရုံးတော်က စောင့်မှာ မဟုတ်ဘူးလို့ တရားခံ ရှေ့နေ ဦးအောင်ခိုင်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး သတ်ဖြတ်မှု ကျူးလွန်သူ ကြည်လင်းနဲ့ ပူးတွဲ ကြံစည်သူ ဇေယျာဖြိုး အပါအဝင် နောက်ထပ် ပူးတွဲ ကြံစည်သူတွေလည်း ဖြစ်၊ တရားခံပြေး အောင်ဝင်းခိုင်နဲ့ ညီအကိုတော်သူတွေလည်း ဖြစ်တဲ့ အောင်ဝင်းဇော်နဲ့ အောင်ဝင်းဇော်တို့ကို ဖမ်းမိထားတာဖြစ်ပြီး အမှု သက်သေတွေကို စစ်ဆေးပြီးမှ သူတို့ကို စစ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဦးကိုနီ လုပ်ကြံခံရတာ လေးလကျော်ပြီ ဖြစ်ပေမယ့် အမှုရဲ့ အဓိက တရားခံပြေး ဖြစ်တဲ့ အောင်ဝင်းခိုင်နဲ့ ပတ်သက်ပြီး ရဲတွေဘက်က ခိုင်လုံတဲ့ အထောက်အထား မထုတ်ပြန်နိုင်သေးတဲ့အတွက် ဝေဖန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ