ရာသီဥတုကြောင့် တပ်မတော်လေယာဉ် ပျက်ကျရ

  • 10 ဇွန် 2017
ဓာတ်ပုံ မူပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဓါတ်ပုံ
Image caption ရာသီဥတု ဆိုးဝါးမှုကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ခေတ္တ ရပ်ဆိုင်းထားရပေမယ့် ရာသီဥတု ပြန်ကောင်းချိန်မှာတော့ ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လုပ်နေ

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က မြိတ်မြို့ကနေ ရန်ကုန်ကို အသွားမှာ တပ်မတော် ပို့ဆောင်ရေး Y-8 အမျိုးအစား လေယာဉ် ပျက်ကျရတာဟာ ရာသီဥတုကြောင့် ဖြစ်နိုင်တယ်လို့ ကနဦး သုံးသပ်ထားကြောင်း လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ပြောပါတယ်။

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုမှာ ပါဝင်သူများရဲ့ ကျန်ရစ်သူမိသားစုအတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားမှာ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက အခုလို ပြောလိုက်တာပါ။

ဒီလေယာဉ်ထွက်ခွာချိန်မှာ မြိတ်မြို့ ပတ်ဝန်းကျင်မှာ ရာသီဥတု ကောင်းမွန်နေပေမယ့် မိုးလေသဝ မှတ်တမ်းတွေအရ အခုလို ပျက်ကျချိန်နဲ့ ပျက်ကျတဲ့ နေရာမှာ တိမ်တိုက်ကြီးတခု ရှိနေခဲ့ပြီး ဒါကို လေယာဉ်က စတင် သတင်းပို့ပြီး မကြာခင်မှာပဲ ပျက်ကျသွားတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အခုလို ပျက်ကျသွားတဲ့ လေယာဉ်ဟာ ၂၀၁၆ ခုနှစ် မတ်လကမှ တရုတ်နိုင်ငံကနေ ဝယ်ယူထားတဲ့လေယာဉ်ဖြစ်လည်း ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ စက်လေးလုံး ပါတဲ့ လေယာဉ်ဖြစ်ပြီး အပြည့်အဝ စစ်ဆေးပြီးမှ ထွက်ခွာခဲ့တာ ဖြစ်တဲ့အတွက် စက် ၂လုံး အထိ ပျက်ရင်တောင်မှ ဆက်မောင်းပြီး အနီးဆုံး ထားဝယ် လေဆိပ်ကို ဆင်းနိုင်စွမ်း ရှိတဲ့အတွက် စက်ချို့ယွင်းမှု ကြောင့် ဖြစ်နိုင်ချေ နည်းတယ်လို့လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီအခမ်းအနားမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒီလေယာဉ်ကို မောင်းနှင်တဲ့ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူး ၂ ဦးတို့ဟာလည်း နာရီ ၂၀ဝ၀ကျော် မောင်းနှင်ထားတဲ့ ဝါရင့် လေယာဉ်မှူးတွေ ဖြစ်တဲ့အတွက် သူတို့ အမှားကြောင့် ပျက်ကျနိုင်ချေလည်း နည်းပါတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့ပါတယ်။

ကယ်ဆယ်ရှာဖွေရေး အစီအစဉ်တွေနဲ့ ဆယ်ယူထားတဲ့ အလောင်းတွေကို စစ်ဆေးရာမှာလည်း ဆားငံရေနဲ့ ထိတဲ့ လက္ခဏာပဲ တွေ့ရပြီး ပေါက်ကွဲမှုဒဏ် ခံရတဲ့ လက္ခဏာ မတွေ့ရဘူးဆိုပေမယ့် အသေးစိတ်ကိုတော့ လေယာဉ်ကိုယ်ထည်ကို ရှာတွေ့တော့မှပဲ အဖြေထွက်နိုင်မယ်လို့ သူကပြောပါတယ်။

အခုလို ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ တာဝန်အရ ခရီးသွားဖို့ စီးလာသူ၊ ဆေးရုံပြောင်းဖို့ စီးလာတဲ့သူ၊ ခွင့်ပြန်တဲ့သူနဲ့ တပ်ပြောင်းသူတွေနဲ့အတူ မိသားစုဝင် စုစုပေါင်း ၁၂၂ ယောက် လိုက်ပါလာတာ ဖြစ်ပြီး အဲဒီအထဲက အလောင်း ၃၃ လောင်း ဆယ်ယူ ရရှိထားပြီး ဖြစ်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ရာသီဥတု ဆိုးဝါးမှုကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်း ထားရပေမယ့် ညနေ လေးနာရီ ရာသီဥတု ပြန်ကောင်းချိန်မှာတော့ ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လုပ်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

လေယာဉ်ပျက်ကျမှုမှာ ပါဝင်သူများရဲ့ ကျန်ရစ်သူမိသားစုအတွက် အလှူငွေတွေကို တပ်မတော်အရာရှိတွေနဲ့ အများပြည်သူတွေဆီက လက်ခံရရှိမှုတော့ စုစုပေါင်း ကျပ်ငွေ သိန်း ၉၉၀ဝ ကျော် ရှိတယ်လို့ သိရပါတယ်။

အခုလို လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ ရှီဂျင်ပင်းကလည်း မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်ကို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးသွားမယ်လို့ ကတိပြုထားကြောင်း ဆင်ဟွာသတင်းဋ္ဌာနက သတင်းဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ