အတွင်းတိမ် ကုသနည်း စိုးရိမ်စရာတွေ ဖြစ်နေ

  • 10 ဇွန် 2017
ဓာတ်ပုံ မူပိုင် Science Photo Library
Image caption အတွင်းတိမ် ကုထုံးတခု စိုးရိမ်စရာတွေ ဖြစ်နေ

မျက်စိ အတွင်းတိမ် ရောဂါကို အပ်နဲ့ထိုး ကုသ ပေးတာကို မြန်မာ့တိုင်းရင်းဆေးပညာ တရပ် လို့ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြလာပြီးတဲ့နောက် ဒီကုထုံးဟာ ဟိုး အရင် ခရစ်တော် မပေါ်ခင် ခေတ် က ကုသခဲ့တဲ့ ကုထုံးတခုဖြစ်ပြီး ဒီနည်းဟာ အလွန်ခေတ်နောက်ကျနေတဲ့ အပြင် လူနာအတွက် အန္တရာယ် အလွန်ရှိကြောင်း မျက်စိကု ကျန်းမာရေးပညာရှင်တွေ က ပြောပါတယ်။

အတွင်းတိမ် လို့ခေါ်တဲ့ မျက်စေ့တွင်းက မှန်ဘီလူး ရှေ့မှာ အဖြူရောင်တွေ ဖုံးအုပ်ကုန်လို့ မျက်စိ သိပ်မမြင်ရတဲ့ ရောဂါကို မြန်မာ့တိုင်းရင်းဆေးနည်းပညာ နည်းနဲ့ အပ်နဲ့ထိုး ကုသပေးတာ အောင်မြင်နေတဲ့ အကြောင်း ကုသပေးနေတဲ့သူ တယောက် ရဲ့ဆောင်ရွက်ချက်တွေ နဲ့အတူ နိုင်ငံပိုင် သတင်းစာတွေ ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း က ရေးသား ဖော်ပြခဲ့ပါတယ်။

အဲဒီ နည်းပညာ ကို တိုင်းရင်းဆေးပညာ တက္ကသိုလ် ရဲ့ သင်ရိုးမှာလည်း ထည့်သွင်းနိုင်အောင် ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီအဖြစ်တွေ အပေါ် မျက်စိကု ကျန်းမာရေး ပညာရှင်များအကြား စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။

မျက်စေ့အထူးကု ဆရာဝန် တယောက်ဖြစ်တဲ့ ဒေါက်တာ သိန်းမြင့် က အတွင်းတိမ်အဖြစ် မျက်စိ အတွင်းပိုင်း မှန်ဘီလူးပေါ်မှာ ဖုန်းနေတဲ့ အဖြူလွှာ ကို အပ်နဲ့ ဖြစ်စေ၊ စူးနဲ့ဖြစ်စေ ထိုးပြီး ဖယ်တဲ့နည်း က ၁၇ ရာစု လောက်ကတည်းက ကမ္ဘာ့ ကျန်းမာရေးပညာ မှာ မသုံးတော့တာ လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒီနည်းဟာ မြန်မာ့ တိုင်းရင်းကျန်းမာရေးပညာ လည်း မဟုတ်တဲ့အပြင် ဒီနည်းနဲ့ အမြင်အာရုံ ကို ပြန်ရတယ် ဆိုတာမှာလည်း ပေအနည်းငယ် အကွာက မီးလိုအရောင်ကို ပြန်မြင် ရတာမျိုးက လွဲလို့ ဘာမှ မထူးခြားဖူးလို့ လည်း သူ ကပြောပါတယ်။

မျက်လုံးကို အပ်လို အရာနဲ့ ထိုးပြီး ကုသတာဟာ ရောဂါပိုးတွေ ဝင်ရောက်နိုင်တဲ့အတွက် အလွန်စိုးရိမ်စရာ ကောင်းတယ်လို့ မျက်စိအထူးကု ဆရာဝန်တွေ က ပြောပြကြပြီး ဒီ ကုထုံး တွေ မြန်မာပြည်မှာ ကျင့်သုံးနေကြတဲ့ အတွက် အထူးစိုးရိမ်စရာ တွေ ဖြစ်နေတယ်လို့ ပြောပါတယ်။