မောင်တော ဒေသ ညမထွက်ရ အမိန့် သက်တမ်းတိုး

  • 10 ဇွန် 2017
ဓာတ်ပုံ မူပိုင် Google
Image caption ည ၉နာရီမှ နံနက် ၅ နာရီအထိ ထုတ်ပြန်

ရခိုင်ပြည်နယ်က မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို နောက်ထပ် ၂ လ ထပ်မံ တိုးမြှင့် လိုက်ပါတယ်။

ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားတာဟာ ဇွန်လ ၉ ရက်နေ့က ၂ လ ပြည့်သွားပြီ ဖြစ်တဲ့ အတွက် နောက်ထပ် ၂ လ သက်တမ်း တိုးမြင့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မောင်တော မြို့နယ်မှာ ဆိုရင် ညမထွက်ရ အမိန့်ကို ည ၉နာရီမှ နံနက် ၅ နာရီအထိ ထုတ်ပြန်လိုက်ပြီး ဘူးသီးတောင်မြို့နယ်မှာ ဆိုရင် ည၁၀ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ညမထွက်ရ အမိန့်ကို နောက်ထပ် ၂ လ တိုးမြှင့် ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ထုတ်ပြန် ရတာ ဖြစ်တယ် လို့ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ဘီင်္ဘီစီကို ပြော ပါတယ်။

ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေမှာ အစိုးရနဲ့ပူးပေါင်း ဆောင်ရွက်တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ် ခံရမှုတွေလည်း ဖြစ်ပွားနေပါတယ်။

လတ်တလော အချိန်အထိ သတ်ဖြတ် ခံခဲ့ရသူ အရေအတွက်ဟာ ၃၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကျေးရွာ အုပ်ချုပ်ရေးမှူး တွေ ကို သတ်ဖြတ်မှုတွေ ကျူးလွန် နေတဲ့ လူတွေက RSO အဖွဲ့က လူတွေ ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်းမှာ သတ်ဖြတ်မှုတွေ ဖြစ်ပွား နေပေမယ့် အာဏာပိုင် တွေဘက်က ဖော်ထုတ် ဖမ်းဆီးနိုင်မှုတွေက မရှိ သလောက် ဖြစ်နေပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် အတွင်း ညမထွက်ရ အမိန့် ၁၄၄ ကို ထုတ်ပြန် ခဲ့တာဟာ ၂၀၁၂ ခုနှစ် လူမျိုးရေး ဘာသာရေး အဓိကရုန်း ဖြစ်ပွား ချိန် ကတည်းက ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။