တနိုင်းက တိုက်ပွဲတွေကြောင့် လူတွေထွက်ပြေး နေရ

  • 11 ဇွန် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အခုလို တိုက်ပွဲတွေ ဖြစ်ရာ နယ်မြေဟာ ကေအိုင်အေရဲ့ လှုပ်ရှားနယ်မြေဖြစ်ပြီး ကေအိုင်အေဘက်က တတ်နိုင်သမျှ ခုခံမယ်

ဇွန်လ ၁၅ ရက် နောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေး လုပ်မယ်လို့ တပ်မတော်က ထုတ်ပြန် အသိပေးထားတဲ့ တနိုင်းမြို့နယ် အနီးတဝိုက်မှာ တိုက်ပွဲတွေ စဖြစ်နေပြီလို့ ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေရဲ့ ပြန်ကြားရေး အဖွဲ့ဝင် ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။

ဇွန်လ ၆ ရက်နေ့မှာ တပ်မတော်က တနိုင်းမြို့နယ်တဝိုက်က ရွှေနဲ့ ပယင်းတူးတဲ့ လုပ်ငန်းတွေဟာ တရားဝင်ခွင့်ပြုချက်မရပဲ လုပ်နေတဲ့ လုပ်ငန်းတွေ ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးစေတဲ့အတွက် နယ်မြေ ရှင်းလင်းရေး လုပ်မှာ ဖြစ်ပြီး ဒီနယ်တဝိုက်က မထွက်ခွာရင် ကေအိုင်အေနဲ့ ပူးပေါင်းသူတွေ အဖြစ် သတ်မှတ်မယ် ဆိုတဲ့ သတိပေးစာကို လေယာဉ်တွေ ပေါ်က ကြဲချထားတာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဒီမြို့နယ်တဝိုက်မှာရှိတဲ့ ရွှေမှော်နဲ့ ပယင်းမှော်လုပ်ကွက်တွေက အလုပ်သမား အများစု နေရပ်ပြန်သွားပြီ ဖြစ်ပေမယ့် အခုလို ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်ကို ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ ရာနဲ့ချီပြီး ရှိတယ်လို့ ဒေသခံ ကိုဇော်တန်က ဘီဘီစီကို ပြောပါတယ်။

အထူးသဖြင့် ဇွန်လ ၉ ရက် နေ့မှာဆိုရင် မြို့အနီးတဝိုက် တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့အထိ ဆက်လက် ဖြစ်ပွားနေတယ်လို့လည်း ကိုဇော်တန်က ပြောပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်ရာ နယ်မြေဟာ ကေအိုင်အေရဲ့ လှုပ်ရှားနယ်မြေဖြစ်ပြီး ကေအိုင်အေဘက်က တတ်နိုင်သမျှ ခုခံ သွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှိနေပေမယ့်လည်း တပ်မတော်ဟာ စစ်ဆင်ရေးကိုလည်း တဖက်မဟုတ် တဖက်ကနေ ထိုးစစ်ဆင်နေတဲ့အတွက် တပ်မတော်ဘက်က ငြိမ်းချမ်းရေး မလိုလားသလို ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ရာချီတဲ့ ဒုက္ခသည်တွေကို ကချင် ဘက်ပတစ် ဘုရားကျောင်း၊ ကြက်ခြေနီအဖွဲ့နဲ့ တနိုင်းမြို့က မြို့မ ဘုန်းကြီးကျောင်းတို့က အသီးသီး စောင့်ရှောက်ထားပြီး နောက်ထပ်လည်း ဒုက္ခသည်တွေ ရောက်လာဖို့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ