Morning Star စားသောက်ဆိုင် ဖယ်ရှားခံရ

  • 11 ဇွန် 2017
Image caption ၂၀၁၃ခုနှစ် သြဂုတ်လကတည်းက Morning Star စားသောက်ဆိုင် ဖယ်ရှားပေးဖို့ သစ်တော ဦးစီးဌာနက ညွှန်ကြားထား

ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်က သစ်တောဦးစီးဌာနပိုင် မြေနေရာမှာ ဖွင့်လှစ်ထားတဲ့ Morning Star စားသောက်ဆိုင် ကို ဇွန်လ ၁၁ရက်နေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက အင်အားသုံးဖယ်ရှားခဲ့ပြီး ဆိုင်ပိုင်ရှင် နဲ့ မန်နေဂျာ ၂ ဦးကို မင်္ဂလာတောင်ညွှန့် ရဲစခန်းမှာ အမှု ဖွင့်လိုက်ပါတယ်။

Morning Star စားသောက်ဆိုင် ဟာ ခွင့်ပြုထားတဲ့ ကာလထက် ကျော်လွန် ဖွင့်ထားတယ်ဆိုပြီး ဆိုင်ကို အပြီးအပိုင် ဖယ်ရှားပေးဖို့ ရန်ကုန်တိုင်း သစ်တောဦးစီးဌာနက ညွှန်ကြားထားခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ဒီသတိပေး ညွှန်ကြားချက်ကို စားသောက်ဆိုင်ဘက်က မလိုက်နာဘူးဆိုပြီး သစ်တောဌာနက ဝန်ထမ်းတွေနဲ့ ရဲဝန်ထမ်းတွေ အပါအဝင် လူအင်အား၂၀၀ ကျော်လောက်က ဆိုင်အတွင်းက အိုးခွက် ပန်းကန်တွေ၊ ထိုင်ခုံတွေ ကို လော်ရီကားတွေနဲ့ သယ်ဆောင်ပြီး အဆောက်အဦး တစ်ခုလုံးကိုလည်း ဖြိုချ ရှင်းလင်းခဲ့ပါတယ်။

ဒီနောက်တော့ Morning Star ဆိုင်ပိုင်ရှင်နဲ့ ဆိုင်မန်နေဂျာ ၂ဦးကို အစိုးရ အိမ်ဥပစာ နှင်ထုတ်ခြင်း ဥပဒေအရ မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ Morning Star ဘက်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းကြည့်ခဲ့ပေမယ့် အခုချိန်မှာ မဖြေကြားနိုင်သေးဘူးလို့ ပြောပါတယ်။

သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံကို လိပ်မူပြီး သမ္မတရုံးကို ပေးပို့ထားတဲ့ Morning Star ရဲ့တိုင်ကြားစာမှာတော့ တချို့ဝန်ကြီးဌာနတွေဟာ လုပ်ငန်းရှင်ကြီး၊ ကုမ္ပဏီကြီးတွေကို ဦးစားပေး လုပ်ကိုင်ခွင့် ပေးတယ်လို့ စွပ်စွဲထားပြီး ဒီလို လုပ်တဲ့အပေါ် ပြန်လည် သုံးသပ် ပြင်ဆင်ပေးဖို့နဲ့ အစိုးရအိမ် ဥပစာအတွင်းက ထွက်ခွာသွားဖို့ အမိန့်ကို ဖယ်ရှားပေးဖို့ တောင်းဆိုထားပါတယ်။

တကယ်တော့ Morning Star စားသောက်ဆိုင် ပိုင်ရှင်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချန်းရဲ့ ခင်ပွန်း ဦးကျော်စိုးမိုး ဖြစ်ပြီး ဆိုင်ကို ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ထဲမှာ ဖွင့်လှစ်ဖို့ တင်ဒါအောင်ထားတာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာ ရန်ကုန် တိရစ္တာန်ဥယျာဉ်ကို ထူးကုမ္ပဏီက နှစ်ရှည် ငှားရမ်းခွင့် ရပြီးတဲ့နောက် စားသောက်ဆိုင်လုပ်ငန်း မြေနေရာကို သစ်တောဌာနကို ပြန်လွှဲရမှာ ဖြစ်လို့ ငှားရမ်းမှုကို ရပ်စဲတယ် ဆိုပြီး ကုမ္ပဏီက အကြောင်းကြားစာ ပို့ခဲ့ပါတယ်။

ဒီနောက်တော့ ၂၀၁၃ ခုနှစ် ဩဂုတ်လက စပြီး ဆိုင်ကို အပြီးအပိုင်ဖယ်ရှားဖို့ သစ်တောဌာနကနေ Morning Star ကို သတိပေးအကြောင်းကြားခဲ့တာပါ။

လက်ရှိမှာ Morning Star စားသောက်ဆိုင် မြေနေရာ ဌားရမ်း လုပ်ကိုင်မှုနဲ့ ပတ်သက်ပြီး အချက်အလက် ရှင်းလင်းမှုတွေ မရှိသေးပဲ ၂၀၁၃ ခုနှစ်ကနေ အခု ၄ နှစ်လောက်အကြာမှာ အခုလို ဆိုင်ကို အင်အားသုံး ရှင်းလင်းဖယ်ရှားမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။