ဆွီဒင် ဝန်ကြီးချုပ် နဲ့ ဒေါ်စု တွေ့ဆုံမယ်

  • 11 ဇွန် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ဆွီဒင် ဝန်ကြီးချုပ် Stefan Lofven နဲ့ တွေ့ဆုံပြီးနောက် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့လည်း ရှိ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါကနေ ဆွီဒင်ကိုဇွန်လ ၁၁ ရက်နေ့က ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်နိုင်ငံကို ၂ ရက်ကြာ ရောက်ရှိလာစဉ် အတွင်း နိုင်ငံခြားရေး ဝန်ကြီး၊ ဥရောပ သမဂ္ဂနဲ့ ကုန်သွယ်ရေး ဝန်ကြီး၊ နိုင်ငံတကာဖွံ့ဖြိုးရေးနဲ့ ရာသီဥတု ဝန်ကြီး တွေနဲ့ တွေ့ဆုံဖို့ ရှိပြီး လွှတ်တော် ဥက္ကဋ္ဌ ဖိတ်ကြားချက်နဲ့ ဆွီဒင် လွှတ်တော်မှာ မိန့်ခွန်းပြောဖို့လည်း ရှိပါတယ် ။

ဇွန်လ ၁၂ ရက်နေ့မှာ ဆွီဒင် ဝန်ကြီးချုပ် Stefan Lofven နဲ့ တွေ့ဆုံပြီးနောက် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့လည်း ရှိကြောင်း ဆွီဒင် အစိုးရရုံးက ထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်အတွင်းမှာ မြန်မာ ရဲ့ ဒီမိုကရေစီ ရေး နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိကြောင်း၊ ဒါ့အပြင် စီးပွားရေး၊ ကျန်းမာရေး နဲ့ ပညာရေး ကိစ္စတွေမှာ အကူအညီပေးရေး ဆွေးနွေးသွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဌာန အမြဲတမ်း အတွင်းဝန် ဦး ကျော်ဇေယျ က ပြောပါတယ်။

ဆွီဒင်မှာ ဒေါ်အောင်ဆန်းစုကြည် တည်းမယ့် ဟိုတယ်ကနေ စောင့်ကြိုခဲ့တဲ့ မြန်မာ ပြည်သားတချို့လည်း ရှိပါတယ် ။

Grand ဟိုတယ် မှာ စောင့်ကြိုနေကြတဲ့ မြန်မာ ပြည်သားတွေကို ဒေါ်အောင်ဆန်းစုကြည် က တစ်ဉီးချင်းစီကို နှုတ်ဆက် ခဲ့တယ်လို့ စောင့်ကြိုနေတဲ့ အထဲမှာ ပါဝင်ခဲ့သူ ကိုကျော်သက် က ဘီဘီစီကို ပြောပါတယ်။

ဆွီဒင် ရောက်ရှိစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝဝ၅ ခုနှစ်က ရခဲ့တဲ့ ဆွီဒင်ဝန်ကြီးချုပ်ဟောင်း အိုလော့ဖ်ပန်း အမှတ်တရဆုကို လက်ခံယူဖို့ ရှိပါတယ်။ အဲဒီနောက် ၁၃ ရက်နေ့ မြန်မာပြည် ပြန်လာမယ်လို့ သိရပါတယ်။