DKBAနယ်မြေမှာ ပြန်တွေ့တဲ့ ပျောက်ဆုံး ထိုင်းရှေးဟောင်း ဆင်စွယ်ကို ထိုင်းဘက်ကို ပြန်ပေး

  • 13 ဇွန် 2017
Image caption ထိုင်းဒေသခံတွေ အထွတ်အမြတ် ထားပြီး ဘတ်ငွေ သန်းချီ တန်တဲ့ ရှေးဟောင်း လက်ရာ ဆင်စွယ်အကြီး တစုံကို ထိုင်းဘက်ကို ပြန်လွှဲအပ်

ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ် ကရင် တာလခုန်းရွာက ရသေ့ကျောင်းခန်းမှာ ပျောက်ဆုံးသွားတဲ့ ဗုဒ္ဓဝင် ပန်းပုလက်ရာ ဆင်စွယ် အကြီးတစုံကို DKBA ဒီမိုကရက်တစ် ကရင် အကျိုးပြု တပ်မတော် ထိန်းချုပ်နယ်မြေမှာ ရှာဖွေ တွေ့ရှိခဲ့အပြီး ဇွန်လ ၁၂ရက်နေ့က ထိုင်းနိုင်ငံကို ပြန်လည် ပေးအပ်လိုက်ပါတယ်။

အဲဒီ ဆင်စွယ်ကို DKBA ထိန်းချုပ်နယ်မြေ ထမော့လာအိ တောင်ထိပ်ပေါ်မှာ မြန်မာ အစိုးရ ရဲတပ်ဖွဲ့နဲ့ DKBA တပ်ဖွဲ့ဝင်တွေ ရှာတွေ့ခဲ့အပြီး ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ် အုပ်ချုပ်ရေးမှူး နိုင်ပရထစ် ဖိုထီယမ်နဲ့ တာ၀န်ရှိသူတွေကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့တာပါ။

ဒီဆင်စွယ်ကို ခိုးယူသွားခဲ့သူလို့ သံသယ ရှိသူဟာ တာလခုန်း ရွာသူကြီးဟောင်း ဆိုသူ ဖြစ်ပြီး အခု အဲဒီလူဟာ ရသေ့ဝတ် တောထွက်သွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတုန်းကလည်း အဲဒီ ရသေ့ကျောင်းခန်းကနေ ဗုဒ္ဓဝင် ပန်းပုလက်ရာ နောက် ဆင်စွယ် အသေးတစုံလည်း အခိုးခံခဲ့ရပြီး မြိုင်ကြီးငူဖက် ရောက်သွားခဲ့ပြီးမှ တလအကြာမှာ ရသေ့ကျောင်းခန်းကို ပြန်ပို့ပေးခဲ့ပါတယ်။

ကရင်တာလခုန်းတွေ အပြင် တောင်ပေါ် ကရင် အတော်များများ အထွတ်အမြတ် ထားကြပြီး ဘတ်ငွေ သန်းနဲ့ချီ တန်ဖိုးရှိတဲ့ အဲဒီ ရှေးဟောင်းလက်ရာ ဆင်စွယ် နှစ်စုံ အကြိမ်ကြိမ် အခိုးခံနေရတဲ့အတွက် ဒီဆင်စွယ် နှစ်စုံရဲ့ အနာဂတ် လုံခြုံရေးကို ထိုင်းအာဏာပိုင်တွေအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်နေပြီလို့ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းသူတွေက ပြောပါတယ်။