ကုလ အရာရှိကြီးကို သက်တမ်းမပြည့်ခင် မြန်မာကနေ ဖယ်ရှား

  • 13 ဇွန် 2017
ဓာတ်ပုံ မူပိုင် UNDP
Image caption လောလောဆယ် မစ္စ ရီနေတာ လော့ခ် ဒီဇယ်လီယန်း ခွင့်ယူထား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတစ်ယောက်ကို သူ့တာဝန်သက်တမ်း မပြည့်ခင် ၂ နှစ် အလိုမှာ မြန်မာနိုင်ငံကနေ ပြန်လည် ခေါ်ယူလိုက်ပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စ ရီနေတာ လော့ခ် ဒီဇယ်လီယန်းကို သူ့ရဲ့ လက်ရှိတာဝန်ကနေ ဖယ်ရှားရွှေ့ပြောင်းလိုက်ကြောင်း ကုလသမဂ္ဂ အရာရှိ တဦးက ဘီဘီစီကို အတည်ပြု ပြောဆို ပါတယ်။

သူ့ကို နေရာပြောင်းရွှေ့ လိုက်တာဟာ အထူးသဖြင့် ရိုဟင်ဂျာတွေ ဖိနှိပ်ခံရမှု အပါအဝင် လူ့အခွင့်အရေး ဦးစားပေး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပျက်ကွက်မှုကြောင့်လို့ ရန်ကုန်က သံတမန် အသိုင်းအဝိုင်းနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေ အသိုင်း အဝိုင်းကရတဲ့ အထောက်အထားတွေကို ကိုးကားပြီး မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာက ပြောပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ ဘက်က ပြောခွင့်ရသူကတော့ မစ္စ ရီနေတာ လော့ခ် ဒဇယ်လီယန်းရဲ့ ဆောင်ရွက်ချက်တွေကို အားမရလို့ အခုလို ရွှေ့ပြောင်းလိုက်တာ ဆိုတာကို ငြင်းဆိုပါတယ်။

မြန်မာနိုင်ငံ အတွင်း ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ လူ့အခွင့်အရေးကိစ္စနဲ့ အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေကြား သင့်တင့်အောင် ဆက်ဆံရ တဲ့ကိစ္စ နှစ်ခု အကြားမှာ ချင့်ချိန် အားမျှအောင် လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အားမရတာလို့ သိရပါတယ်။

လူ့အခွင့်အရေး ကိစ္စတွေ အထူးသဖြင့် ရိုဟင်ဂျာ အရေးတွေကို ထောက်ပြရမယ့် အစားမှာ အာဏာပိုင် တွေနဲ့ သင့်တင့်ရေးကိုပဲ ဦးစားပေး ဆောင်ရွက် ခဲ့တဲ့ အတွက်လို့ သိရကြောင်း ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက စီစဉ်ပြုစုတဲ့ စာရွက် စာတမ်းတစ်ခုကို ယုံကြည် စိတ်ချရသူ တစ်ယောက် ဆီကနေ သူ ဖတ်ခဲ့ရတဲ့ အထဲမှာ မစ္စ လော့ ဒဇယ်လီယန်းရဲ့ ကိုယ်ရေး ကိုယ်တာ မဟုတ်ဘဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ စကားလုံးတွေ သုံးနှုန်း ဝေဖန် ထားတာကို တွေ့ခဲ့ရ တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေဟာ ဆိုးဆိုးဝါးဝါး အလုပ် မဖြစ်ဘူးလို့ ရေးထား ကြောင်းလည်း ဂျိုနာဖစ်ရှာက ပြောပါတယ်။

ဒါ့အပြင် မစ္စ လော့ ဒဇယ်လီယန်းဟာ လူ့အခွင့်အရေး ကိစ္စတွေ ဆောင်ရွက်တဲ့ လူမှုရေး ဆောင်ရွက်သူ တွေကို အရေးကြီးတဲ့ အစည်းအဝေး တွေမှာ မဖိတ်ဘဲ ချန်ထားတာ မျိုးတွေ ရှိတယ်လို့လည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မစ္စ လော့ ဒဇယ်လီယန်းနဲ့ သူ့ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တွေ ရခိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသက ပြန်လာတဲ့ အခါမှာလည်း သာမန် သတင်း အချက်အလက် မေးမြန်းတာမျိုး ကိုတောင် ဖြေဆိုဖို့ ငြင်းဆန်တယ် လို့လည်း ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာက ပြောပါတယ်။