လန်ဒန် အထပ်မြင့် အဆောက်အအုံ မီးလောင်မှု သေဆုံးသူ ၁၂ယောက် ရှိပြီ

  • 14 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မီးလောင်ကျွမ်းတဲ့ အချိန်မှာ အဆောက်အဦးထဲ လူပေါင်း ၆၀၀ လောက် အထိ ရှိနိုင်

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ လန်ဒန်မြို့လယ်က အထပ်မြင့် အဆောက်အအုံ မီးလောင်ခဲ့မှုကြောင့် သေဆုံးသူ ၁၂ယောက် ရှိသွားခဲ့ပါပြီ။

မီးလောင်ခဲ့ရာ ဂရန်ဖဲလ် အဆောက်အအုံမှာ မီးသတ်တွေက ရှာဖွေ ရှင်းလင်းရေးတွေ ဆက်လုပ်နေပြီး လူသေဆုံးမှု အရေအတွက်ဟာ ဒီထက် တိုးလာနိုင်တယ်လို့ ရဲက ပြောပါတယ်။

လူ၇၀ကျော် ဆေးရုံတင်ထားရပြီး အဲဒီအထဲမှာ ၁၈ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။

အလားတူ ပုံစံမျိုး အထပ်မြင့် အဆောက်အအုံတွေကို အခုအခါ ဗြိတိန် တလွှားမှာ ပြန်လည် စစ်ဆေးမှုတွေ လုပ်နေပါတယ်။

မီးထဲကနေ အချိန်မှီ ထွက်ပြေးလွတ်မြောက်လာသူတွေကတော့ မီးပြန့်နှံ့ကူးစက်မှု မြန်လွန်းတဲ့အကြောင်းကို ရှင်းပြခဲ့ကြပါတယ်။

Image caption မီးသတ်သမား ၂၀၀ ကျော်ကနေပြီး မီးငြှိမ်းသတ်ခဲ့ရာ အခုတော့ မီးညွှန့် ကျိုးသွားပြီ ဖြစ်ပါတယ်။

မီးသတ်သမား ၂၀၀ ကျော်ကနေပြီး မီးငြှိမ်းသတ်ခဲ့ရာ အခုတော့ မီးညွှန့် ကျိုးသွားပြီ ဖြစ်ပါတယ်။

အခုတော့ အဆောက်အဦး ဟာ မီးကျွမ်းနေပြီး၊ တငွေ့ငွေ့ နဲ့ မီးခိုးတွေလည်း တလူလူ ထွက်နေပါတယ်။

အဆောက်အဦးကတော့ အခုအချိန်မှာ ဒီအတိုင်း ရှိနေပြီး ပြိုကျသွားနိုင်တဲ့ အနေအထားမျိုးရှိနေပါတယ်။

ဘာကြောင့်မီးလောင်တယ် ဆိုတာကိုတော့ မသိရသေးပါ။

အဲဒီမီးလောင်တဲ့ အနီး အနားရှိကြတဲ့ သူတွေ၊ မျက်မြင်တွေ့ ရှိသူ မြန်မာပြည်သားတွေ အနေနဲ့ ကိုယ့်ရဲ့ အတွေ့ အကြုံကို ဘီဘီစီကို ဆက်သွယ် သတင်းပေးပို့ နိုင်ကြပါတယ်။

ဘီဘီစီမြန်မာပိုင်း ဖေ့စ်ဘွတ်ရဲ့ message box ကနေ ဆက်သွယ် သတင်းပေးနိုင် ကြပါတယ်။

bbcburmese@gmail.com ကိုဖြစ်စေ Burmese@bbc.co.uk ကိုဖြစ်စေ ဆက်သွယ် ပေးပို့ နိုင်ကြပါတယ်။