မဏ္ဍိုင် လေးရပ် တွေ့ဆုံပွဲ

  • 14 ဇွန် 2017
Image caption ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ မီဒီယာ ဆိုတဲ့ မဏ္ဍိုင်လေး ရပ် တွေ့ဆုံပွဲကို စစ်တွေမြို့ ဦးဥတ္တမ ခန်းမမှာ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ သတင်း မီဒီယာ ကောင်စီက ကြီးမှူးပြီး မဏ္ဍိုင် လေးရပ် တွေ့ဆုံပွဲကို ပြည်နယ်တွေ ထဲမှာ ပထမဆုံး အကြိမ် အဖြစ် ရခိုင် ပြည်နယ် စစ်တွေ မြို့မှာ ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ ပါတယ်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ မီဒီယာ ဆိုတဲ့ မဏ္ဍိုင်လေး ရပ် တွေ့ဆုံပွဲကို စစ်တွေမြို့ ဦးဥတ္တမ ခန်းမမှာ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ် တရားသူကြီးချုပ် ဦးကျောက်၊ မြန်မာ သတင်းမီဒီယာ ကောင်စီက ဒုဥက္ကဌ ဦးအောင်လှထွန်းနဲ့ ဝါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်တို့က တက်ရောက် မိန့်ခွန်း စကားတွေ ပြောကြား ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် ဟာ ပြည်တွင်းမှာသာ မက ပြည်ပ နိုင်ငံ တွေက အာရုံ စူးစိုက် ခံနေရတဲ့ ပြည်နယ် ဖြစ်တာကြောင့် ဒီပြည်နယ်ရဲ့ သတင်း မီဒီယာ အခန်း ကဏ္ဍဟာ အရေးကြီးတဲ့ နေရာမှာ ရှိသလို သတင်း ရယူမှု အပိုင်းမှာလည်း မှန်မှန် ကန်ကန် သတင်းရယူ နိုင်ရေးဟာ အရေးကြီးတဲ့ အနေ အထားမှာ ရှိနေပါတယ်။

သတင်း အမှားတွေကြောင့် မလိုလား အပ်တဲ့ ပြသနာတွေ ပေါ်ပေါက် နိုင်တဲ့ အတွက် အာဏာပိုင်တွေ ဘက်က သတင်း သမားတွေ မေးမြန်းတာကို လက်ခံ ပြီး မှန်မှန် ကန်ကန် ဖြေဆို ပေးဖို့ လိုအပ် နေတယ်လို့လဲ သတင်း သမားတွေက ပြောပါတယ်။

ရခိုင် အခြေစိုက် သတင်း မီဒီယာတွေ အနေနဲ့ သတင်း ရယူတဲ့ နေရာမှာ ယခင်က အစိုးရ လက်ထက်မှာ ထက် ပိုမို ခက်ခဲ မှုတွေ ရှိနေတယ်လို့ တင်ပြ ပြောဆိုတာတွေလည်း ရှိနေပါတယ်။

ဒီ ဆွေးနွေးပွဲက ရရှိ လာတဲ့ အချက်တွေကို ရခိုင်ပြည်နယ် အစိုးရကို ပေးပို့သွားမှာ ဖြစ်သလို ပြန်ကြားရေး ဝန်ကြီး ဌာနနဲ့ လိုအပ် တာတွေ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ သတင်း မီဒီယာ ကောင်စီ က တာဝန်ရှိသူ တွေက ပြောဆို ပါတယ်။