ရှမ်းမြောက်နဲ့ ကချင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိ

  • 14 ဇွန် 2017
ဓာတ်ပုံ မူပိုင် Amnesty International Website
Image caption စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေ ပေးနိုင်အောင် စီစဉ်ပေးဖို့ တိုက်တွန်း

မြန်မာ နိုင်ငံ ကချင် ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက အရပ်သားတွေကို စစ်ရာဇဝတ်မှု အပါအဝင် ဆိုးရွား လှတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ကျူးလွန် နေတယ်လို့ Amnesty International အပြည်ပြည် ဆိုင်ရာ လူ့ အခွင့်အရေး အဖွဲ့ကြီးက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

အခုနှစ် မတ်လ ကနေ မေလ အတွင်း ဒေသခံ ပြည်သူတွေ၊ မျက်မြင် သက်သေတွေနဲ့ လူမှု အဖွဲ့အစည်း ခေါင်းဆောင်တွေကို ကိုယ်တိုင် မေးမြန်းပြီး ထုတ်ပြန်တဲ့ "All the Civillian Suffer" Conflict, Displacement, and Abuse in Northern Myanmar ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

မြန်မာ စစ်တပ်က အရပ်သား တိုင်းရင်းသား လူနည်းစုတွေကို ညှဉ်းပန်း နှိပ်စက်တာ၊ တရားမဝင် ကွပ်မျက် တာတွေ ရှိခဲ့ပြီး လက်နက်ကိုင် အဖွဲ့တွေကို ကူညီ ထောက်ပံ့တယ်လို့ သူတို့ ယူဆသူ တွေကို အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင် တာတွေ ရှိတယ်လို့ သူတို့ တွေ့ဆုံ မေးမြန်းမှုတွေ အရ သိရကြောင်း AI ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ လေ့လာသူ Laura Haigh က ပြောပါတယ်။

သူတို့ အဖွဲ့က လေ့လာသူတွေကို အဲဒီဒေသတွေဆီစေလွှတ်ပြီး လူ ၁၄၀ လောက်နဲ့ တွေ့ဆုံမေးမြန်းမှုတွေကနေ အချက်အလက်တွေ ရယူခဲ့တာ ဖြစ်ပြီး အသေအချာ စိစစ် အတည်ပြုနိုင် ခဲ့တာ ဖြစ်ကြောင်း သူက ပြောပါတယ်။

တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သာမက ဒေသတွင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေလည်း ရှိတယ်၊ တခြား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နဲ့ ဆက်သွယ် တယ်လို့ ယူဆသူ တွေကို အတင်း ဖမ်းဆီး ခေါ်ဆောင်တာ၊ ဆက်ကြေး ကောက်တာတွေ လုပ်ကြတယ်လို့ လည်း Laura Haigh က ပြောပါတယ်။

မြန်မာ နိုင်ငံမြောက်ပိုင်းမှာ တပ်မတော်က စစ်ဆေး မေးမြန်းမှုအတွင်း ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသူ လေးယောက်ကို မေးမြန်းခွင့် ရခဲ့ရာမှာ တပ်မတော်ရဲ့ ကျူးလွန်မှု တချို့က စစ် ရာဇဝတ်မှု မြောက်ကောင်း မြောက်နိုင်တာတွေရှိတယ်ဆိုတာ သိခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလူတွေထဲက သုံးယောက်က မျက်နှာတွေကို ဓါးနဲ့ အမွန်းခံထားရတာ တွေ့ရတယ်လို့ Laura Haigh က ပြောပါတယ်။

AI အဖွဲ့ရဲ့ တွေ့ရှိချက်တွေဟာ ယုံကြည် စိတ်ချရတယ်လို့ သူက အခိုင်အမာပြောဆိုပါတယ်။

Laura Haigh က သူတို့ တွေ့ရှိချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန တို့ဆီကို ပေးပို့ခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်ကြောင်း AI အဖွဲ့က တိုက်တွန်းပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေ ကြားမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေ ပေးနိုင်အောင် စီစဉ်ပေးဖို့လည်း အစိုးရ ကိုရော စစ်တပ်ကိုပါ AI အဖွဲ့က တောင်းဆို ပါတယ်။