တပ်မတော်က ရာဇသံ ပေးထားရက်ရောက်လို့ တနိုင်းကနေ လူတွေ စွန့်ခွာ

  • 15 ဇွန် 2017
ဓာတ်ပုံ မူပိုင် Photo Hkun Awng Nlam
Image caption တိုက်ပွဲတွေ ဖြစ်မှာ စိုးရိမ်လို့ တနိုင်းမှော်တွေက ထွက်ပြေးလာတဲ့ ဒေသခံတွေ

ကချင်ပြည်နယ် တနိုင်းမြို့နယ် အတွင်းက ပယင်းမှော် ၁၀ ခုမှာ တပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်မှာဖြစ်လို့ ဇွန်လ ၁၅ နောက်ဆုံး ထားပြီး အဲဒီနေရာတွေ ကနေ ရွှေနဲ့ ပယင်း ရှာသူတွေ ထွက်ပေးဖို့ ရာဇသံ ပေးထား တဲ့ရက် ပြည့်ပြီဖြစ် ပါတယ်။

တနိုင်းဒေသက ပယင်းနဲ့ ရွှေမှော် လုပ်ကွက်တွေက လုပ်သားတွေက နေရပ်ရင်းကို ပြန်ကြတာ ကုန်သလောက်ဖြစ်နေပြီး ဒေသခံတွေ ကတော့ စစ်ဖြစ်မှာကို ကြိုရှောင်တဲ့ အနေနဲ့ တနိုင်းမြို့ပေါ်ကို ထွက်ပြေးခဲ့ကြပါတယ်။

ထောင်ဂဏန်းနီးပါးလောက် တနိုင်းမြို့ကို ရောက်နေပြီဖြစ်ပါတယ်။

တပ်မတော်ရဲ့ နောက်ဆုံး သတ်မှတ်ရက် ပြည့်သွားပေမဲ့ တပ်ဖက်က ဒေသတွင်းမှာ တစုံတရာ စစ်ရေး ပြင်ဆင်မှုတွေ မတွေ့ရသေးဘူးလို့ တနိုင်းက စစ်ရှောင်တွေကို အကူအညီ ပေးနေတဲ့ ဦးဇော်တန်က ပြောပါတယ်။

ဒါပေမဲ့ တနိုင်းနဲ့ ဖားကန့် ကားလမ်းကို နေ့ခင်း အချိန်မှာပဲဖြတ်ဖို့ ကေအိုင်အေ ကလည်း သတိပေးစာ ဖြန့်ဝေထားလို့ ညပိုင်းမှာ အသွားအလာ မရှိဘူးလို့ ဦးဇော်တန်က ပြောပါတယ်။

တနိုင်းဖက်ကို သယ်တဲ့ ဆန်နဲ့ စက်သုံးဆီတွေကို တပ်မတော်ဖက်က စိစစ် တာတွေ ရှိနေတဲ့ အတွက် အခက်အခဲတွေ ရှိနေပြီး စျေးတွေ တက်နေတယ်လို့ တနိုင်းက ပြည်နယ် လွတ်တော်အမတ် ဦးဇော်ဝင်းက ပြောပါတယ်။

အရင်က သုံးသောင်း လောက်ပေးရတဲ့ ဆန်တအိတ်ကို အခု လေးသောင်းခွဲ ငါးသောင်းဈေး ရှိနေပြီး ပစ္စည်း ကတော့ ရှာမရအောင် ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။

နောက်ရက်တွေ တိုက်ပွဲတွေ ဖြစ်ရင် ပိုပြီး ခက်ခဲနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။