ရှမ်းပြည်အခြေစိုက် သတင်းသမားတွေ ဆန္ဒ ဖေါ်ထုတ်

  • 15 ဇွန် 2017
Image caption ရှမ်းပြည်နယ် လွှတ်တော်မှာ သတင်းသမားတွေ ခွဲခြား ဆက်ဆံ ခံနေရတယ်လို့ဆို

ရှမ်းပြည်နယ် လွှတ်တော်မှာ လွတ်လပ်စွာ သတင်းယူခွင့် ရဖို့အတွက် ရှမ်းပြည် အခြေစိုက် သတင်းထောက် တချို့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဆန္ဒ ဖော်ထုတ်ခဲ့ပါတယ်။

ရှမ်းပြည်နယ် လွှတ်တော်ဟာ ပြည်နယ်တိုင်း လွှတ်တော်တွေထဲမှာ ကြံ့ခိုင်ရေးပါတီ ကြီးစိုးတဲ့ လွှတ်တော် ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဟာလည်း ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ဖြစ်ပါတယ်။

ရှမ်းပြည်နယ် လွှတ်တော်မှာ သတင်းထောက်တွေ သတင်းယူတဲ့အခါ ခွဲခြား ဆက်ဆံခံရမှုတွေ ရှိနေတဲ့အတွက် အခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ တောင်ကြီး သတင်းထောက်များ အသင်းရဲ့ အလုပ်အမှုဆောင် ရှမ်းမလေး ခေါ် နန်းယိုင်းတိုင်းက ဘီဘီစီကို ပြောပါတယ်။

လွှတ်တော် ကျင်းပတဲ့အခန်းထဲမှာ တခြား သတင်းသမားတွေ ဓါတ်ပုံ ရိုက်ခွင့် ၊ သတင်းယူခွင့် မရှိပေမယ့် MRTV၊ SKY NET နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းသမားတွေကတော့ ဓါတ်ပုံ ရိုက်ခွင့်၊ သတင်းယူခွင့် ရှိနေတယ်လို့ သူက ပြောပါတယ်။

သတင်းထောက်တွေ သတင်းယူဖို့အတွက် လွှတ်တော် အစည်းအဝေး ကျင်းပနေတာကို တိုက်ရိုက် ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားစက်နဲ့ sound box တခုကို လွှတ်တော် အစည်းအဝေး ခန်းမမှာ ထားပေးထားပါတယ်။

ဒီလို ထားပေးထားတဲ့ ရုပ်မြင်သံကြားစက်က ပုံရိပ်ဟာ တခါတလေ ကြည်လင်မှု မရှိသလို အသံကလည်း ကြည်လင်မှု မရှိဘူးလို့လည်း ရှမ်းမလေးကပြောပါတယ်။

ရှမ်းပြည်နယ် လွှတ်တော်လိုပဲ နေပြည်တော်မှာ ရှိတဲ့ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာလည်း အစည်းအဝေး ခန်းမထဲ သတင်းထောက်တွေ ဝင်ရောက် ရိုက်ကူးခွင့် မပေးထားပဲ အစည်းအဝေး ကျင်းပနေတာကို တိုက်ရိုက် လွှင့်ထားတဲ့ ရုပ်မြင်သံကြား နှစ်ခုလုံးကနေသာ သတင်း ရယူရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်နယ် တိုင်းလွှတ်တော် တချို့မှာတော့ သတင်းထောက်တွေကို လွှတ်တော် အစည်းအဝေး ကျင်းပတဲ့ခန်းမထဲ သတင်းယူခွင့် ပေးထားပါတယ်။

တပ်မတော် အစိုးရ လက်ထက်ကနေ ဦးသိန်းစိန် အစိုးရ လက်ထက်အထိ သတင်း မီဒီယာတွေကို အစိုးရ မီဒီယာနဲ့ ပုဂ္ဂလိက မီဒီယာ ဆိုပြီး ခွဲခြားဆက်ဆံမှု တွေ ရှိခဲ့တာ အခုချိန်အထိ သိပ်အပြောင်းအလဲ မတွေ့ရသေးဘူးလို့ ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ထားပါတယ်။