ယန်ဟီးလီ မြန်မာအစီရင်ခံစာတင်သွင်း

  • 15 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မီဒီယာ သမားတွေ ကို ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ ဖမ်းဆီး အရေးယူ ထောင်ချ

ဇွန်လ ၁၅ ရက် က မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ က လူ့အခွင့်အရေးကောင်စီ ရဲ့ ၃၅ ကြိမ်မြောက် အစည်းအဝေး မှာ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ကို ဖတ်ကြားတင်သွင်းရာမှာ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်မှု ပိုပေးဖို့ သူက မြန်မာ အစိုးရကို သတိပေး လိုက်ပါတယ်။

ဒီလို စောင့်ရှောက်ရာမှာ ရခိုင်က ရိုဟင်ဂျာ ကလေးငယ်တွေကိုပါ စောင့်ရှောက်ပေးဖို့ ဂျီနီဗာ မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ ယန်ဟီးလီးက ပြောကြား ခဲ့ပါတယ်။

ရခိုင်မှာ အနည်းဆုံး ကလေး ၁၃ ယောက်ကို ရဲက ဖမ်းထားတာကိုလည်း သူက ထောက်ပြ သွားပါတယ်။ ဒီထဲက ကလေး တယောက် အချုပ်မှာ သေဆုံးတာကို စုံစမ်း စစ်ဆေးဖို့လည်း မြန်မာ အစိုးရကို သူက တောင်းဆိုခဲ့ပါတယ်။ ဒီသေဆုံးမှုကို ၄ လ ကြာတဲ့အထိ သတင်းမပို့တာကိုလည်း သူက သေချာစုံစမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဇွန်လ နဲ့ ဒီနှစ်ဆန်း ဇန်နဝါရီ လ က မြန်မာနိုင်ငံ သွားရောက်ခဲ့စဉ် က မြန်မာ့ လူ့အခွင့် အရေး ဆိုင်ရာ အချက်အလက် ရှာဖွေ ခဲ့ရာမှ တွေ့ရှိချက်တွေ ကို တင်ပြတဲ့ အခါမှာ ရခိုင်ခရီးစဉ် ကို အနှောင့်အယှက် မပြု လွတ်လပ်စွာ သွားခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ ကချင်ပြည်နယ် ကို သွားတဲ့ အခါမှာတော့ လေ့လာ ချင်တဲ့ နေရာ ကို ကြိုတင်မေတ္တာ ရပ်ခံ ထားပေမယ့် နောက်ဆုံးမှ ကပ်ပြီး ပိတ်ပင်လိုက်တဲ့ အတွက် ခရီးစဉ် အတွက် ခွင့်ပြုရက် အတွင်းမှာ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် ဘက်မှာ လူ့အခွင့်အရေး တွေ ချိုးဖောက်တာကို ဗီဒီယို ရိုက်ကူးချက်တွေ အရ မြင်ရတဲ့ အခါမှာ လက်နက်မဲ့ တိုင်းရင်းသား တွေ ကို စစ်သားတွေ က ရိုက်နှက်တာတွေ ရွာသားတွေ ကို ဖမ်းပြီး သတ်ပစ်တာတွေ သိရလို့ သက်ဆိုင်ရာ အာဏာပိုင်တွေ ကို အကြောင်းကြားရာမှာ ဒီအမှုတွေ ကို စုံစမ်း စစ်ဆေးပေးပါ့မယ် လို့ ဆိုပါတယ်။ ဒါပေမဲ့ ထိထိရောက်ရောက် အရေးယူမှု မရှိခဲ့လို့ အလားတူ ကျူးလွန်မှု တွေ ကို မီဒီယာတွေ က တဆင့် တွေ့မြင် သိရှိခဲ့ပါတယ် လို့ ပြောပါတယ်။

အခြေခံ ဥပဒေပြင်ဆင်ရေး အပိုင်းဟာ အရေးကြီး ပေမယ့် ပြင်ဆင်ရေး အပိုင်း ကို ကြိုးပမ်း တင်ပြနေတဲ့ ရှေ့နေကြီး ဦးကိုနီ ကို သူ့မြေးကလေး ချီထားရက် နဲ့ အနီးကပ် သတ်ပစ်ခြင်းဟာလည်း ဒီမိုကရေစီ နိုင်ငံ အဖြစ် ရှေ့ရှုသွားနေချိန် မှာ နှောင့်ယှက်ဟန့်တားခြင်း ခံရတယ် လို့ မြင်ပါတယ်။ ဒါကြောင့် မို့ အရပ်သား အစိုးရ အနေနဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး ဟာ အင်မတန် အရေးပါနေပါပြီ လို့ ယန်ဟီးလီက ပြောပါတယ်။

အခုလို လူ့အခွင့်အရေးကာကွယ် ဖို့ ကြိုးပမ်းကြတဲ့ အထဲမှာ မီဒီယာ သမားတွေ ပါဝင်ပေမယ့် သူတို့ကိုလည်း အရေးယူနေခြင်းကို တင်ပြရာမှာ သူစိတ်ပျက်မိတဲ့ အထဲမှာ ဥပဒေ ကို ဆက်လက် အလွဲသုံးစား လုပ်နေတဲ့ အထဲမှာ မီဒီယာ သမားတွေ ကို ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ ဖမ်းဆီး အရေးယူ ထောင်ချတာတွေ ပါဝင်ပါတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေး မြှင်တင်ဖို့ လှုပ်ရှားနေကြတဲ့ လူမှု အထောက်အကူ အဖွဲ့ဝင်တွေ ကို သတ်ပစ်တဲ့ အမှုတွေ ဆိုရင်လည်း တရားဥပဒေ ရဲ့ မျှတတဲ့ ဆုံးဖြတ်ချက် ကို မခံရတဲ့ အမှု တွေ လည်း ရှိနေဆဲ ဖြစ်ပါတယ် လို့ ပြောပါတယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံ ဟာ သဘာဝ သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံ ဖြစ်ပေမဲ့ နိုင်ငံသားတွေ အနေတဲ့ မျှတ တဲ့ ခံစားပိုင်ခွင့် မရှိတဲ့ အပြင် သူတို့ပိုင်မြေ တွေ အသိမ်းခံရတဲ့ အမှု တွေ၊ အရေးယူခံရတာတွေ လည်း ရှိနေပါတယ်၊ သယံဇာတ တွေ ကိုလည်း အလွန်အမင်း တူးဖေါ်ယူနေကြတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် ရဲ့ ဆိုးကျိုးတွေ သက်ရောက်တာလည်း နိုင်ငံသားတွေ ခံနေရပါတယ် လို့ ယန်ဟီးလီ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ