မွတ်ဆလင် ကလေး ၁၃ ဦးကို ပြန်လွှတ်ခဲ့ပြီး လို့ဆို

  • 16 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မောင်တောအပြင်ဖက်က မီးလောင်ထားတဲ့ ရွာမှာတွေ့ရတဲ့ ကလေးတွေ

မြန်မာ နိုင်ငံလူ့ အခွင့် အရေးဆိုင်ရာ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် ယန်ဟီးလီရဲ့ အစီရင်ခံစာမှာ ထောက်ပြ ထားတဲ့ ရခိုင်ပြည်နယ် အတွင်း ဖမ်းဆီးခံ ထားရတဲ့ မွတ်ဆလင် ကလေးငယ် ၁၃ ယောက်ကို အချုပ်အနှောင် ကနေ ပြန်လွှတ် ပေးပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရက ပြောပါတယ်။

ဒါ့အပြင် မစ္စယန်ဟီးလီက စုံစမ်းဖို့ ပြောထားတယ်ဆိုတဲ့ အချုပ်ထဲမှာ ကလေးတစ်ယောက် သေဆုံးခဲ့တဲ့ ကိစ္စကိုလည်း စုံစမ်းစစ်ဆေး ခဲ့ပြီးဖြစ်ကြောင်း ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

အဲဒီကလေးသေဆုံးရတာနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာမှာ သူဖမ်းဆီးမခံရခင်တည်းက ဖြစ်ခဲ့တဲ့ ရောဂါကြောင့် သေဆုံးသွားတာ ဖြစ်ကြောင်း ရင်ခွဲ စစ်ဆေးမှုတွေအရ သိရတယ်လို့ သူက ပြောပါတယ်။

အဲဒီကလေးတွေကို မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့် ရဲစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ ဆက်နွယ်တဲ့အမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခဲ့ပြီး မေးမြန်း စစ်ဆေးပြီးနောက် အုပ်ထိန်းသူတွေလက်ထဲ ပြန်အပ်နှံပြီးပြီလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဦးတင်မောင်ဆွေက သူတို့ အားလုံးကို တပြိုင်တည်း ဖမ်းတာ မဟုတ်ဘဲ လုံခြုံရေး အရ နယ်မြေရှင်းလင်းမှုတွေ လုပ်ရင်း ဖမ်းဆီးမှုတွေလုပ်ရာမှာ ကလေးတွေ ပါလာတာလို့ ပြောပါတယ်။

ဖမ်းဆီးထားတဲ့ အချိန်မှာ ထောင်ထဲမှာ ထားတာ မဟုတ်ကြောင်းနဲ့ ကလေးတွေအတွက် သီးခြားနေရာမှာ ထားပြီး စစ်ဆေးခဲ့တာလို့ ပြောပါတယ်။

ဇွန်လ ၁၅ ရက်နေ့က တင်သွင်းတဲ့ ယန်ဟီးလီရဲ့ အစီရင်ခံစာမှာ ကလေးသူငယ်တွေကို ကာကွယ် စောင့်ရှောက်မှု ပိုပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်းတဲ့ အပြင် ကချင်နဲ့ ရှမ်းပြည်နယ် အတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှု တွေကိုလည်းထောက်ပြထား ပါတယ်။