၆၆ (ဃ) နဲ့ အမှုရင်ဆိုင်နေရတဲ့ The Voice ဆောင်းပါးရှင် လွတ်မြောက်လာ

  • 16 ဇွန် 2017
ဓာတ်ပုံ မူပိုင် ShweInnThar KhinMgWin
Image caption ဗြိတိသျှကိုကိုမောင် ခေါ် ဦးကျော်စွာနိုင်ဟာ ပုံနှိပ်မီဒီယာအတွက်ပဲ ရေးခဲ့တာ ဖြစ်တဲ့အတွက် ပုံနှိပ်ဥပဒေ အရပဲ တရားရင်ဆိုင်ရမယ်

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခံထားရတဲ့ The Voice ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်ကို ရန်ကုန်တိုင်း ဗဟန်း တရားရုံးက အမှုပိတ်သိမ်းလိုက်တဲ့အတွက် အဖမ်းခံထားရာကနေ ပြန်လည် လွတ်မြောက်လာပါတယ်။

သူနဲ့ အတူ ဆက်သွယ်ရေး ပုဒ်မနဲ့ တရားစွဲခံရတဲ့ The Voice သတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကတော့ ဆက်လက် အမှုရင်ဆိုင်နေရပါတယ်။

ဒီအမှုမှာ တပ်မတော်ဘက်က ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆိုပြီး စွပ်စွဲခဲ့တဲ့ ကျည်ထောင်စုသစ္စာဆိုတဲ့ ဆောင်းပါးကို ရေးသားသူ ဗြိတိသျှကိုကိုမောင် ခေါ် ဦးကျော်စွာနိုင်ဟာ ပုံနှိပ်မီဒီယာအတွက်ပဲ ရေးခဲ့တာ ဖြစ်တဲ့အတွက် ပုံနှိပ်ဥပဒေ အရပဲ တရားရင်ဆိုင်ရမှာဖြစ်ပြီး ဒီဆောင်းပါးကို အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက အွန်လိုင်းမှာ ဖော်ပြခဲ့တဲ့အတွက် ဆက်လက် တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အခုလို တရားရင်ဆိုင်နေရပြီး ဖမ်းဆီးခံထားရတဲ့ ဦးကျော်မင်းဆွေအတွက် အာမခံပေးဖို့ လျှောက်ထားမှုတွေကို တရားရုံးဘက်က ပယ်ချခဲ့ပြီး ဒီတရားရုံးရဲ့ စီရင်မှုပုံစံကို လက်မခံနိုင်တဲ့အတွက် ရုံးပြောင်း လျှောက်ထားသွားမယ်လို့ တရားခံ ရှေ့နေ ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ကို အသုံးပြုပြီး အခုလို သတင်းသမားတွေ တရားစွဲခံရမှုတွေ ရှိနေရာမှာ မကွေးမြို့ အခြေစိုက် သတင်းသမား ၃ ယောက်ဟာလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးတယောက်ရဲ့ ပုဒ် ၆၆ (ဃ)နဲ့ အမှုဖွင့် တိုင်ကြားခံခဲ့ရပါတယ်။

MGY ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးတင်ရွှေက မကွေးတိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မြေစာရင်း ဋ္ဌာနက တာဝန်ရှိသူတွေကို တိုင်တည်ပြီး တရားမဝင် အုတ်ဖုတ်တာတွေ ရှိနေတာနဲ့ ကန္တရသစ်ပင်ကြီးတွေကို မြေရှင်းစက်နဲ့ ဖယ်ရှားနေတာကို ဒေသခံတွေက ကျေနပ်မှုမရှိတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့တဲ့အတွက် မေလ ၂၈ ရက်နေ့က အခုလို အမှုဖွင့်ခံရတာလို့ သူက ပြောပါတယ်။

သူ့ရဲ့ အခုလို ပြောဆိုချက်ကို မှတ်ချက်လာရေးသူ သတင်းထောက် မဇာဇာစန်းနဲ့ လူမှုကွန်ယက် အသုံးမပြုသူ မဖူးပွင့်နေခြည်တို့ကို တရားစွဲခံရတာဟာ မဖြစ်သင့်ပဲ သူ့ကိုပဲ တရားစွဲသင့်တယ်လို့ ဦးတင်ရွှေက ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားလိုဘက်ဖြစ်တဲ့ မယ်လှတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဋ္ဌေးလွင်ကို စစ်ဆေးပြီး ဖြစ်ပေမယ့် တရားခံဘက်ကိုတော့ မစစ်ဆေးရသေးဘူးလို့ မကွေးမြို့ အမှတ် (၂) ရဲစခန်းက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ NLD အစိုးရ လက်ထက်မှာ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရသူ ၆၀ ကျော် အထိ ရှိလာပြီး အဲဒီအထဲမှာ သတင်းသမားတွေလည်း ပိုမို ပါဝင်လာတဲ့အတွက် သတင်းလွတ်လပ်ခွင့်ကို ထိပါးတယ်ဆိုပြီး စာနယ်ဇင်းလောကမှာ ဝေဖန်မှုတွေရှိနေပြီး နိုင်ငံအနှံ့က မြို့ကြီးတွေမှာ ဒီပုဒ်မကို ပြင်ဆင်ဖို့နဲ့ ဖျက်သိမ်းပေးဖို့ လှုပ်ရှားမှုတွေကိုလည်း သတင်းသမားတွေက ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ