တရုတ်ဘဏ်က မြန်မာလုပ်ငန်းရှင်တွေရဲ့ ငွေစာရင်းတွေ ပိတ်

  • 17 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ABC ဘဏ်က ပိတ်လိုက်တဲ့ ငွေစာရင်းရှင်တွေထဲမှာ မြန်မာကုန်သည်တွေနဲ့ ငွေလဲသူတွေ ပါဝင်

တရုတ်နိုင်ငံရဲ့ Agricultural Bank of China (ABC) စိုက်ပျိုးရေးဘဏ်မှာ မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်၊ ကုန်သည်တွေ အပ်နှံထားတဲ့ ဘဏ်ငွေစာရင်း Bank Acccount တွေကို တရုတ်အစိုးရက ပိတ်သိမ်းလိုက်တဲ့အတွက် ငွေလည်ပတ်မှု ရပ်ဆိုင်းသွားပြီး တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေးတွေ ထိခိုက်သွားခဲ့ရပါတယ်။

ဇွန်လ ၁၄ရက်နေ့က တကြိမ်၊ ဇွန်လ ၁၅ရက်နေ့က တကြိမ်၊ နှစ်ကြိမ်ခွဲ ပိတ်ခဲ့တာ ဖြစ်ပါတယ်။

ဘဏ်ငွေစာရင်း ပိတ်ခံရသူတွေထဲမှာ ဆန်၊ ပြောင်း၊ ပဲ၊ သကြား စတဲ့ သီးနှံထွက် လုပ်ငန်းရှင်တွေ၊ ရေထွက်ပစ္စည်းလုပ်ငန်းရှင်တွေ၊ လျှပ်စစ်ပစ္စည်း လုပ်ငန်းရှင်တွေနဲ့ ငွေလဲသမားတွေ ပါဝင်ပါတယ်။

ငွေစာရင်းရှင်တွေကို တိုက်ရိုက် အကြောင်းကြားခြင်းမရှိပဲ ပိတ်လိုက်တာ ဖြစ်ပြီး မူးယစ်ဆေးဝါးကိစ္စ၊ ငွေကြေးခဝါချမှု ကိစ္စတွေနဲ့ ဆက်စပ်နေတဲ့အတွက် တရုတ်ရဲတပ်ဖွဲ့က ဘဏ်စာရင်းတွေကို ပိတ်ခိုင်းလိုက်တာလို့ သိရကြောင်း ဘဏ်စာရင်း အပိတ်ခံခဲ့ရသူ မူဆယ်မြို့က ကုန်သည်ကြီး ဦးမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

အရင်ကလည်း တရုတ်ဘက်က ဘဏ်ငွေစာရင်းတွေ ခဏခဏ ပါဝင်ခဲ့ဖူးပြီး ဒီတခါမှာ အများဆုံး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရွှေလီမြို့မှာ ရှိတဲ့ တရုတ်ပြည်ပရေးရာ ဌာနတို့ ညှိနှိုင်း ဆွေးနွေးနေကြောင်းနဲ့ လာမယ့် တနင်္လာနေ့ ဇွန်လ၁၉ရက်နေ့ကျရင်တော့ ဘဏ်ငွေ စာရင်းတွေ ပြန်ဖွင့်ပေးမယ်လို့ မျှော်လင့်ရကြောင်း ဦးမင်းသိန်းက ပြောပါတယ်။