ဘေလ်ကော့စဘီ ရဲ့ အမှု တရားစီရင်မှု မပြီးမြောက် ဟု တရားသူကြီး ဆုံးဖြတ်

  • 18 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption လိင်စော်ကားတာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ နာမည်ကျော် မင်းသားကြီး

တရားခံဟာ အပြစ်ရှိမရှိ ဆွေးနွေးဆုံးဖြတ်ကြတဲ့ ဂျူရီဘုတ်အဖွဲ့ကလူတွေ သဘောတူချက်တခု မချနိုင်တဲ့နောက်ပိုင်း တရားသူကြီး က အမေရိကန် နာမည်ကျော် ဟာသဖြေဖျော်ရေးအနုပညာရှင် ဘေလ်ကော့စဘီ ရဲ့ အမှု ကို တရားစီရင်လို့ မပြီးမြောက်နိုင်တဲ့ စီရင်မှု အဖြစ် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

နာမည်ကျော် ဟာသ ဖြေဖျော်သူ ရုပ်ရှင်မင်းသား တယောက်လည်းဖြစ် စွယ်စုံအနုပညာရှင်တယောက်လည်းဖြစ် တဲ့ ဘေလ်ကော့စဘီ တယောက် အသက် ၇၉ နှစ်အရွယ်မှာ သူဟာ အရင် လျှမ်းလျှမ်းတောက် အောင်မြင်နေစဉ် ကာလတွေအတွင်း အမျိုးသမီးတွေကိုလိင်ပိုင်း ဆိုင်ရာ ကျူးလွန်စော်ကား ခဲ့တယ်ဆိုတဲ့ စွပ်စွဲ မှု တွေကို ရင်ဆိုင်နေရပါတယ်။

အဲလို စွပ်စွဲကြတာ အမျိုးသမီး ပေါင်း ၅၀ လောက် ရှိပေမယ့် ဒီအမှုမျိုးက တရားစွဲချင်ရင် ဖြစ်ပျက်ချိန်မှ သည် တရားရုံးမှာ စွဲဆိုလို့ရနိုင်တဲ့ ကာလအပိုင်းအခြားရှိတာကြောင့် သူ့ကို လက်တွေ့မှာ တရားရုံးမှာ အမှုစွဲဆိုနိုင်တာ က မစ္စ အန်ဒရေ ကွန်းစတန်း တယောက်တည်းဖြစ်ပါတယ်။

ဖြစ်စဉ် က ၂၀၀၄ ခုနှစ်အတွင်း ကဖြစ်ခဲ့ပြီး ဘေလ်ကော့စဘီ ဟာ သူ့ကို ဆေးခတ်ပြီး အဓမ္မပြုကျင့်ခဲ့တယ် ဆိုတာကို မစ္စ ကွန်းစတန်းက ထုတ်ဖော်ပြောဆို တရားစွဲခဲ့တာပါ။

၃ ကြိမ်စော်ကားခဲ့ကြောင်းသူက စွပ်စွဲထားတာပါ။ အဲဒီ ကာလတွေတုန်းက သူဟာ ဘေလ်ကော့စဘီ နဲ့အတူ ဟာသ ဇာတ်လမ်းတွေမှာ သရုပ်ဆောင်တယောက်လည်းဖြစ်ပါတယ်။

မစ္စတာ Bill Cosby ဘက်ကတော့ သူတို့ ၂ ဦး သဘောတူ ဖြစ်ခဲ့ကြတဲ့ ကိစ္စတွေ လို့ ငြင်းချက်ထုတ်ထားပါတယ်။

အခု စွဲဆိုထားတာတွေကျူးလွန်ကြောင်း ဆုံးဖြတ် ရင်တော့ ဘေလ်ကော့စဘီ ဟာ အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်နဲ့ချီပြီးနေရမှာပါ။

အမျိုးသား ၇ ယောက် အမျိုးသမီး ၅ ယောက်ပါ၀င်တဲ့ ဂျူရီ ဘုတ်အဖွဲ့က ဆုံးဖြတ်ချက် တခု အသေအချာ မချနိုင်တဲ့ နောက် တရားသူကြီး က အခု တရားစီရင်ချက် ချလို့မရပဲ မပြီးမြောက်နိုင်သေးတဲ့ စီရင်မှု အဖြစ် ဆုံးဖြတ်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဘေလ်ကော့စဘီ ဘက်က လိုက်ပေးတဲ့ရှေ့နေအဖွဲ့ထဲက တယောက်ဖြစ်တဲ့ ရှေ့နေ ဘရိုင်ယန် မက်ခ်မိုနက်ခ်လေ က တရားရုံးဆုံးဖြတ် ချက် ကို ကြိုဆိုလိုက်ပြီးတော့ဂျူရီလူကြီးအဖွဲ့တွေ ၅၂ နာရီ ကြာအောင်ဆွေးနွေးစဉ်းစားကြပြီး မဆုံးဖြတ်နိုင်ခဲ့ကြပါဘူး။ တရားသူကြီးအခုလို ဆုံးဖြတ်ပေးတာမှန်ပါတယ်။ တရားမျှတမှု ကို ရလိုက်ပါပြီလို့ ဆိုပြီး သူတို့ ကတော့ တရားသေလွှတ်တာကိုလိုချင်ပေမယ့် အခုလည်း လိုတာ ကို ရပါပြီ လို့ ဆိုပါတယ်။

မစ္စတာ ဘေလ်ကော့စဘီ ဘက်ကသူတွေ ပျော်ရွှင်နေကြသလောက် တရားလိုဘက်က အမျိုးသမီးတွေအားလုံး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြတာကို တွေ့ကြရပါတယ်။

ဒါပေမယ့် အခုအမှု က ပိတ်လိုက်တာတော့မဟုတ်ပါဘူး။ ဘေလ်ကော့စဘီ အပေါ်စွဲဆိုထားတဲ့အမှုတွေ ကို မရုပ်သိမ်းသေးပါဘူး။ သူကိုယ်တိုင်လည်း အာမခံနဲ့ နေရဆဲပါ။

တရားလို မစ္စ ကွန်းစတန်း ရဲ့ ရှေ့နေ ဂလော်ရီရာ အောရက်ဒ် က နာမယ်ကြီးတွေရဲ့ တောက်ပတဲ့ အာဏာတွေကို ဘယ်တော့မှ လျော့မတွက်သလို တရားမျှတမှု က တနေ့လာလိမ့်မယ်၊ ဒီအမှု ကို နောက်တကြိမ် စီရင်နိုင်ဖို့ မျှော်လင့်တယ် လို့ ပြောရင်း ဘေလ်ကော့စဘီ တို့ဘက်က အောင်ပွဲခံဖို့ သိပ်စောလွန်းသေးတယ်လို့ တုန့်ပြန်လိုက်ပါတယ်။

ဘေလ်ကော့စဘီ တယောက် လွတ်မြောက်သူတယောက် အဖြစ် တရားရုံးက ထွက်သွားနိုင်ပေမယ့် သူ့ကို တရားရုံးထဲပြန်ရောက်ဖို့ ကြိုးစားတာတွေ က ရှေ့မှာ ဖြစ်လာဦးမှာပါ။