တိုင်းရင်းသားဆက်ဆံရေးရုံးတွေ အခက်အခဲတွေ့

  • 18 ဇွန် 2017
Image caption ဆက်ဆံရေးရုံးများပြ မြေပုံ (မြေပုံ - BNI)

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဆက်ဆံရေးရုံးတွေမှာ အခက်အခဲအများအပြား ကြုံတွေ့နေရတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ထုတ်ဖော်ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်တာ ကျင်းပပြီးစီးသွားတဲ့ အစည်းအဝေးတစ်ခုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့က ကိုယ်စားလှယ်တွေက သူတို့ရဲ့ ဆက်ဆံရေးရုံး စုစုပေါင်း ၃၂ ရုံးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

တက်ရောက်တဲ့ အဖွဲ့အစည်းတွေမှာ NCA အပစ်ရပ်လက်မှတ်ထိုးတားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ NMSP မွန်အဖွဲ့၊ KNPP ကရင်နီအဖွဲ့၊ SSPP SSA ရှမ်းပြည်တပ်မတော်က ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

ဆက်ဆံရေးရုံးတွေမှာ အခက်အခဲ အများအပြားရှိနေပြီး အဲဒီထဲမှာဆိုရင် ဆက်ဆံရေးရုံးတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ဖို့ အခက်အခဲလည်း ပါတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO က ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

ဒီဆက်ဆံရေးရုံးတွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ အဲဒီအလုပ်တွေအတွက် လိုအပ်တဲ့ ရန်ပုံငွေ ရရှိမှုက မမျှမတ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ ဒီရန်ပုံငွေကို နိုင်ငံတကာဘက်က ငြိမ်းချမ်းရေးရန်ပုံငွေအဖြစ် ပံ့ပိုးပေးတာ ဖြစ်ပါတယ်။

အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းနေတယ်ဆိုပြီးတော့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထောက်ပြပါတယ်။

ဒီအစည်းအဝေးကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား TOR လို့ခေါ်တဲ့ လုပ်ငန်းလမ်းညွှန်ကိုလည်း ပူးတွဲရေးဆွဲခဲ့ကြပြီး အစိုးရ၊ တပ်မတော်တို့နဲ့ ဆက်လက်ဆွေးနွေးသွားဖို့ ရှိပါတယ်။